NLD မှတ်ပုံတင်မှာကို ကြိုဆို

  • 19 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters

မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

တိုင်းပြည်မှာ လက်ရှိ အစိုးရ အဆိုအရ ရွေးကောက်ခံ အရပ်သား အစိုးရ တက်လာပြီး နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွှတ်ပေးခဲ့တာ ၊ သတင်းလွတ်လပ်ခွင့် အနည်းငယ် ဖြေလျှော့ပေးလာတာတွေ ရှိခဲ့ပြီးတဲ့နောက် အခုလို နိုင်ငံရေး အခင်းအကျင်း အခြေအနေကို ရောက်လာတာ ဖြစ်ပါတယ်။

အန်အဲဒီမှတ်ပုံတင်ပြီး အဓိက လုပ်ဆောင်မဲ့ကိစ္စက ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေထဲက နိုင်ငံကို အကျိုးပေးတယ်လို့ မမြင်တဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားသွားဖို့ ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းပြည်အတွက် လိုအပ်ရင် သူကိုယ်တိုင် ရွေးကောက်ပွဲဝင်မယ်လို့ ပြောခဲ့ပါတယ်။

အန်အဲဒီ မှတ်ပုံတင် ရွေးကောက်ပွဲဝင်မှာနဲ့ပတ်သက်လို့ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အာအန်ဒီပီ ကလည်းဖြစ် ရခိုင်ပြည်နယ် အစိုးရ မှာ တိုင်းရင်းသား ရေးရာ ဝန်ကြီး လည်း ဖြစ်တဲ့ ဦးဇော်အေးမောင်က တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ရမဲ့ အချိန် ရောက်နေပြီဖြစ်လို့ ကြိုဆိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းစဉ်တခု စနေပြီဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကြောင့် စစ်တပ်ကို သူ့နေရာကို ပြန်သွားအောင်လုပ်နိုင်မဲ့ အခွင့်အလမ်းရှိနေတယ် ၊ ဒါကြောင့် အန်အဲဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမှာ ပါဝင်လာခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို တိုးတက်စေမယ်လို့ ဗြိတိသျှ နိုင်ငံတကာဖွံဖြိုးရေးဝန်ကြီး Andrew Mitchell က ပြောပါတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချပေးဖို့ စဉ်းစားနေတယ် လို့ ဥရောပ သမဂ္ဂ က ပြောပြီး ဂျပန်နိုင်ငံကတော့ မြန်မာကို အကူအညီတွေ ပေးဖို့ ဆွေးနွေးတော့မယ်လို့ ဆိုပါတယ်။