ကဒါဖီသား ဆေ့ဖ်အဲလ်အစ္စလာမ်ကို ဖမ်းမိပြီ

  • 19 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption သူဟာ သြဂုတ်လ ကတည်းက ထွက်ပြေးနေ ခဲ့တာ ဖြစ်ပါတယ်

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီရဲ့ သား ဆေ့ဖ် အဲလ်အစ္စလာမ်ကို ဖမ်းဆီးမိပြီ ဖြစ်တယ်လို့ လစ်ဗျား ကြားဖြတ်အစိုးရ အဖွဲ့ NTC က ပြောကြားပါတယ်။

NTC တိုက်ခိုက်ရေးသမားတွေက သူ့ကို နိုင်ငံ အနောက်တောင်ဘက် သဲကန္တာရ ထဲက အူဘာရီမြို့ မှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ NTC ရဲ့ တရားရေးဝန်ကြီး မိုဟာမတ် အဲလ် အလာဂျီ က ပြောပါတယ်။

သူနဲ့အတူ သက်တော်စောင့် သုံးယောက်ကိုလည်း တခါတည်း ဖမ်းဆီးလိုက်နိုင်တာ ဖြစ်ပါ တယ်။

ဆေ့ဖ်အဲလ် အစ္စလာမ်ဟာ အိမ်နီးချင်း နီဂျဲနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ တိုက်ခိုက်ရေးသမားတွေက ပြောပါတယ်။ နီဂျဲမှာ သူ့ရဲ့ အကိုဖြစ်သူ တဦး ခိုလှုံခွင့် ရရှိ ထားတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ကိုဇင်တန်မြို့ကိုလေယာဉ်နဲ့ ပို့ရာမှာ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးက လေယာဉ်ပြေးလမ်းကို ပိတ်ထားခဲ့ကြတယ်လို့ သိရပါတယ်။

ဆေ့ဖ်အဲလ် အစ္စလာမ်ဟာ သြဂုတ်လ ကတည်းက ထွက်ပြေးနေခဲ့တာ ဖြစ်ပြီး၊ နိုင်ငံတကာ တရားရုံး ICC ကနေ သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။ သူဟာ လူသားမျိုးနွယ်တွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး ICC ကနေ စွပ်စွဲထားပါတယ်။

သူ့ကို ဘယ်မှာ တရားစွဲမယ် ဆိုတာကတော့ NTC က ဆုံးဖြတ်မှာ ဖြစ်တယ်လို့ NTC ပြောခွင့်ရသူက ပြောပါတယ်။