ကလင်တန် မြန်မာ ခရီး ဆီးနိတ်တာတွေ ထောက်ခံ အားပေး

  • 19 နိုဝင်ဘာ 2011
Image caption ဆီးနိတ်အမတ် John Kerry နဲ့ Hillary Clinton

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လာမယ့် ဒီဇင်ဘာလ တရက်နေ့မှာ မြန်မာနိုင်ငံကို သွားမယ့် အစီအစဉ်ကို အမေရိကန် အထက်လွှတ်တော် အမတ်တွေက တခဲနက် အားပေးခဲ့ကြပြီး အရင်စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆိုင်ရာ အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်လာနိုင်တယ်လို့ မျှော်လင့် ယူဆ နေကြပါတယ်။

မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဦးတည် လျှောက်လှမ်းနေပြီ ဖြစ်ပေမယ့် ပြောနေတာထက် တကယ်လုပ်ပြဖို့ လိုတယ်လို့ ဆီးနိတ် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီ က ပြောပါတယ်။

မြန်မာ အစိုးရ အနေ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်အောင် ကူညီဖို့ သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တို့က စနစ်တကျ တွေ့ဆုံ ညှိနှိုင်းမှုတွေ ထိရောက်တဲ့ ဖိအားပေးမှုတွေနဲ့ ချဉ်းကပ် လုပ်ဆောင် သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်မယ် ဆိုတဲ့ အတွက် ဆီးနိတ်တာ မက်ကိန်းက ထောက်ခံ လိုက်ပြီး ဒီနေ့မြန်မာနိုင်ငံဟာ ပိုမို ဒီမိုကရေစီ နည်းလမ်းကျတဲ့ အရေးပါတဲ့ သမိုင်းကဏ္ဍ တရပ်ကို ရောက်နေပြီလို့ ပြောပါတယ်။

၂ဝဝ၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး အရင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့လည်း တွေ့ခဲ့ဖူးတဲ့ ဆီးနိတ်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ် ကလည်း မြန်မာနိုင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ အချိန် ဖြစ်နေပြီး အဲဒီအတောအတွင်း အစိုးရ အကြီးအကဲတွေ ၊ လူထု အခြေပြု အဖွဲ့တွေနဲ့ အပြန်အလှန် တွေ့ဆုံ ညှိနှိုင်းခွင့် ရနိုင်သလို အစိုးရနဲ့ စစ်တပ် အဖွဲ့အစည်း ပြန်လည်ထူထောင် တည်ဆောင်ဖို့ အခွင့်အလမ်းကောင်းတွေ ဖော်ထုတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။