အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် အမြင်တွေ

  • 19 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP Getty Images
Image caption ဘာလီက ထိပ်သီးဆွေးနွေးပွဲကို တက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန် ကို မြန်မာနိုင်ငံ ကို သွားရောက်ဖို့ အတွက် သမ္မတ အိုဘားမား က ညွှန်ကြားလိုက်ပါပြီ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟာ လာမယ့် ဒီဇင်ဘာ ၁ ရက် နေ့ကျ မြန်မာနိုင်ငံ ကို သွားရောက်တော့မှာပါ။

ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန် က နိုင်ငံခြားရေး ဝန်ကြီး အဆင့် ထိပ်တန်း အစိုးရ အရာရှိ ကို မြန်မာနိုင်ငံ ကို စေလွှတ် တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ အစိုးရ ပိုင်းက နိုင်ငံရေး ဖိနှိပ်မှုတွေကို လျော့ချပြီး ဖြေလျှော့မှု တွေ လုပ်နေတဲ့ ကာလလို့ အမေရိကန်က မြင်လာတဲ့ အတွက် အခုလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ခရီးစဉ် ဖြစ်လာတာပါ။

ဒါပေမယ့်လည်း နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ထောင်ထဲမှာပဲ ရှိနေသေးတယ်။ တိုင်းရင်းသား ဒေသတွေမှာ စစ်ပွဲ တွေက မငြိမ်းသေး တဲ့ အခုလို ကာလ မှာ မြန်မာ အစိုးရ ကို အရင်တုန်းက ပြောင်းလဲရေးတွေလုပ်ဖို့ ဖိအားပေးလာတဲ့ အမေရိကန် ဘက်က မြန်မာပြည် ကို သွားချိန်တန်ပြီလား ဆိုတဲ့ အပေါ်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

မြန်မာအစိုးရက စီးပွားရေး နိုင်ငံရေး အပြောင်းအလဲတွေ တကယ်ဘဲ ဆုံးဖြတ်ချက်ချ ဆောင်ရွက်နေတာ ဟုတ်မဟုတ် သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ မစ္စစ်ကလင်တန်က CNN နဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက်ခဲ့ပြီး လန်ဒန်ကို ပြန်ရောက်လာတဲ့ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး အင်ဒရူး မစ်ချဲလ် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုခဲ့ပါတယ်။

မြန်မာအစိုးရ ဟာ ဖိနှိပ်မှုတွေ ကို လျှော့ချ ပေးနေတယ်။ ဒါဟာ နိုင်ငံတကာ က တောင်းဆိုမှု တွေ ကို သူတို့ လိုက်လျော လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန် မှာ နိုင်ငံတကာ အနေနဲ့ သူတို့နဲ့ ဆက်ဆံဆောင်ရွက်ဖို့ သွားရောက်တာ ဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ ဆိုပါတယ်။

သမိုင်းပညာရှင်တဦးလည်းဖြစ်၊ မြန်မာ့အရေး စာအုပ်တွေကို ရေးသားသူ လည်းဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦးကလည်း အခုလို အစိုးရပိုင်းက ပြောင်းလဲနေတဲ့အချိန်မှာ ဒါကို အခွင့်အရေး တခု အဖြစ် ယူပြီး သွားသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။