အီဂျစ်နိုင်ငံမှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွား

  • 20 နိုဝင်ဘာ 2011
Image caption စစ်ကောင်စီအနေနဲ့ အရပ်သားအစိုးရကို အာဏာ လွှဲပြောင်းပေးဖို့ တောင်းဆိုနေကြ

အီဂျစ်နိုင်ငံတလွှားက မြို့ကြီးတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။

ဆန္ဒပြသူတွေက လက်ရှိစစ်ကောင်စီအစိုးရ အနေနဲ့ အရပ်သားအစိုးရကို အာဏာ လွှဲပြောင်းပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခု ဆန္ဒပြပွဲတွေဟာ လွန်ခဲ့တဲ့ ၉ လက သမ္မတ မူဘာရက်ကို ရာထူးက ဖယ်ရှားခဲ့ပြီးနောက်ပိုင်း၊ ပထမဦးဆုံး ပါလီမန်ရွေးကောက်ပွဲတွေ မကျင်းပခင် တပတ်အလိုမှာ စပြီး ဖြစ်ပွားခဲ့တာပါ။

ဒီနှစ်အစောပိုင်းက ၁၈ ရက်ကြာဖြစ်ပွားခဲ့တဲ့ လူထုအုံကြွဆန္ဒပြမှုလိုမျိုး တာဟီရာ ရင်ပြင်မှာ ယာယီတဲတွေထိုးပြီး ဆန္ဒပြနေကြတာကြောင့် တနင်္ဂနွေထုတ် သတင်းစာတွေမှာ ဒုတိယ တော်လှန်ရေး ဆိုပြီး ခေါ်ဝေါ် သုံးစွဲထားပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေးရဲတွေဟာ ကိုင်ရိုမြို့လယ် တာဟီရာ ရင်ပြင် အပြင်ဘက်နားက ပြည်ထဲရေးဝန်ကြီးရုံးကို ဆန္ဒပြသူတွေမလာနိုင်အောင် ကာကွယ်ဖို့အတွက် အဲဒီနေရာကို ပြန်စုလာ ကြပါတယ်။ ကိုင်ရိုမြို့ လမ်းတွေ အတော်များများကိုလည်း ပိတ်ထားပါတယ်။

ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပေမယ့်လည်း ဆန္ဒပြသူတွေက ထွက်ပြေးမသွားပဲ သူတို့ရဲ့နေရာမှာပဲ တောင့်ခံနေကြပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ တိုက်ပွဲလိုမျိုး ၂၄ နာရီလုံးလုံး ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အခု ထက်ထိ ရင်ပြင်မှာ ဆက်ဖြစ်နေဆဲလို့ တာဟီရာရင်ပြင်မှာ တညလုံးရှိနေခဲ့တဲ့ ဓာတ်ပုံ ဆရာတဦးက သူတွေ့မြင်ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

မနေ့ညက ညလုံးပေါက် ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင် ဖြစ်မှုတွေအတွင်း လူ ၂ ဦး သေဆုံး သွားပြီး၊ ရာနဲ့ချီ ဒဏ်ရာရရှိသွားပါတယ်။ အလက်ဇန္ဒီးယားမြို့၊ ဆူအက်မြို့နဲ့ အက်စ်ဝမ်း မြို့တွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။