ဆီးရီးယားရဲ့ အဆိုပြုချက်ကို အာရပ်အဖွဲ့ချုပ် ပယ်ချ

  • 20 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုယ်စားလှယ်အဖွဲ့ကို အပြောင်းအလဲလုပ်လို့ မရကြောင်း အာရပ်အဖွဲ့ချုပ် ပြောကြား

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု အခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး ပဋိပက္ခတွေ ချုပ်ငြိမ်းစေရေးတွက် အာရပ်နိုင်ငံ များ အဖွဲ့ချုပ်က စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့ လူဦးရေကို လျှော့ချပေးဖို့ ဆီးရီးယား အစိုးရရဲ့ တင်ပြချက်ကို အာရပ်အဖွဲ့ချုပ်က ပယ်ချလိုက်ပါတယ်။

အခုလို ကိုယ်စားလှယ်အဖွဲ့ကို အပြောင်းအလဲ လုပ်မယ်ဆိုရင် အဖွဲ့ရဲ့ လုပ်ငန်းတွေကို လုံးလုံး လျားလျား ပြောင်းလဲသွားစေလိမ့်မယ်လို့ အာရပ်အဖွဲ့ချုပ်ရဲ့ အင်တာနက် ဝက်ဆိုက် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အစောပိုင်းတုန်းကတော့ ဆီးရီးယားသမ္မတ ဘာရှား အဲလ် အာဆတ်က သူ့နိုင်ငံဟာ နိုင်ငံ တကာရဲ့ ဖိအားပေးမှုကြောင့် ဦးညွတ်သွားမှာ မဟုတ်ပဲ၊ လက်နက်ကိုင် လူဆိုးဂိုဏ်းတွေကို ဆက်လက် ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေနဲ့ အဖျက်လုပ်ရပ်တွေကို ဒီ လက်နက်ကိုင်တွေက လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း မစ္စတာ အာဆတ်က ပြစ်တင်ပြောဆိုပါတယ်။

အနောက်နိုင်ငံတွေက ဆီးရီးယားကို ဝင်ရောက် စွက်ဖက်လာအောင် အာရပ်နိုင်ငံများ အဖွဲ့ချုပ် က မူမမှန်တဲ့ လုပ်ရပ်တွေကို ဖန်တီးနေတာ ဖြစ်တယ်လို့လည်း သမ္မတ အာဆတ်က ဗြိတိသျှ သတင်းစာ တစောင်နဲ့ မေးမြန်းခန်းမှာ စွပ်စွဲ ပြောကြားသွားပါတယ်။