အီဂျစ်နိုင်ငံ ဆန္ဒပြမှုတွေအတွင်း လူ ၃၃ ဦး သေဆုံး

  • 21 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေဟာ ရင်ပြင်မှာ ဆက်ရှိနေဆဲ ဖြစ်ပြီး၊ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်မှာ ပြီးခဲ့တဲ့ စနေနေ့က စပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြ သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေအတွင်း လူ ၃၃ ဦး သေဆုံးသွား တယ်လို့ ရင်ခွဲရုံ တာဝန်ရှိသူ တွေက ပြောပါတယ်။ လူ ၁၈၀၀ လောက် ကတော့ ဒဏ်ရာရရှိသွားကြပါတယ်။

ရာနဲ့ချီတဲ့ ရဲနဲ့ စစ်သားတွေဟာ ဆန္ဒပြသူတွေ တာဟီရာ ရင်ပြင်ကနေ ထွက်သွားအောင် ထပ်မံကြိုးစားတဲ့ အနေနဲ့ မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေနဲ့ ရာဘာကျည်တွေ သုံးပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရုံးကို ကာကွယ်ဖို့ ဝန်ကြီးက စေလွှတ်ခိုင်းတဲ့အတွက် တပ်ဖွဲ့ဝင်တွေ ကို စေလွှတ်တာဖြစ်တယ်လို့ လက်ထောက် ဗဟိုစစ်ဒေသမှူး ဗိုလ်ချုပ်ကြီး ဆာအိ အာဘတ်စ်က ပြောပါတယ်။

ဒါပေမယ့် များစွာသော ဆန္ဒပြသူတွေဟာ ရင်ပြင်မှာ ဆက်ရှိနေဆဲ ဖြစ်ပြီး၊ အကြမ်းဖက် မှုတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အီဂျစ်စစ်တပ်ဟာ အရင်သမ္မတ မူဘာရက်ဆီက အာဏာလွှဲယူပြီးနောက် အရပ်သား အစိုးရကို ခြောက်လအတွင်း အာဏာလွှဲပေးမယ်ဆိုပြီး ကတိပေးခဲ့ပေမယ့် ခု ဆယ်လ ရှိလာချိန်ထိ အာဏာလွှဲပေးမယ့် အရိပ်အယောင် မတွေ့ရသေးတာမို့ လမ်းပေါ် တခါထွက် ဆန္ဒပြတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

နောက်ပြီးသူတို့ဟာ စစ်သွေးကြွတွေ မဟုတ်ကြောင်း၊ ကိုယ့်တော်လှန်ရေးနဲ့ ကိုယ့်လွတ်လပ် ခွင့်တွေကို ကာကွယ်ဖို့ ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

အီဂျစ်အရေး တက်ကြွလှုပ်ရှားသူတွေက စစ်တပ်ဟာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး၊ စစ်ဦးစီးချုပ် အနေနဲ့ ရာထူးက ထွက်ပေးဖို့ ထောင်းဆိုခဲ့ပါတယ်။

အီဂျစ်အရေးတက်ကြွသူတွေရဲ့ ကွန်ယက် အတော်များများကလည်း လက်ရှိ အာဏာယူထားတဲ့ စစ်ကောင်စီအနေနဲ့ တော်လှန်သော အစိုးရတရပ်ကို အာဏာလွှဲပြောင်းပေးဖို့ တောင်းဆို ထားပါတယ်။

အခုအချိန်ဟာ စစ်တပ်က ခက်ခဲတဲ့ အခြေအနေတွေထဲမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထိန်းနေတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ အတိုက်အခံတွေကတော့ အကောင်း ဆုံး ဖြစ်စေချင်တယ်ဆိုရင် အရပ်သားတွေနဲ့ ဖွဲ့ထားတဲ့ ကောင်စီကို အာဏာ အမြန်ဆုံးလွှဲပြီး ကိုယ့်နေရာ ကိုယ်ပြန်ကြလို့ ပြောနေကြပါတယ်။