လစ်ဗျားမှာ ဆန်နူဆီကို ဖမ်းမိပြီ

  • 21 နိုဝင်ဘာ 2011
senussi ဓာတ်ပုံ မူပိုင် Reuters
Image caption အဗ္ဗဒူလာ အဲလ် ဆန်နူဆီ

လစ်ဗျား နိုင်ငံမှာ အရင် ဗိုလ်မှူးကြီး ကဒါဖီ အစိုးရ အဖွဲ့ဝင် တွေထဲက အခု အစိုးရရဲ့ အလိုချင်ဆုံး တယောက် ဖြစ်တဲ့ ထောက်လှမ်းရေး အကြီး အကဲ ဟောင်း အဗ္ဗဒူလာ အဲလ် ဆန်နူဆီကို ဖမ်းမိ သွားပြီ ဖြစ်ပါတယ်။

သူ့ကို လစ်ဗျား တောင်ပိုင်းမှာ အရှင် ဖမ်းဆီး ရမိခဲ့တယ်လို့ လစ်ဗျား ကြားဖြတ် အစိုးရ အရာရှိ တွေက ပြောပါတယ်။ အရင် လစ်ဗျား ခေါင်းဆောင်ဟောင်း နဲ့ ယောက်ဖ တော်စပ် သူ ဖြစ်တဲ့ မစ္စတာ ဆန်နူဆီ ဟာ ရက်စက် တဲ့လူ တဦး အဖြစ် လူသိများ ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လက ဘင်ဂါဇီ မြို့မှာ စတင်ခဲ့တဲ့ လူထု အုံကြွမှုကြီးကို နှိမ်နင်း ဖို့ ကြိုးစားခဲ့ ကြရာမှာ မစ္စတာ ဆန်နူဆီ ဟာ အရေးကြီး တဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က တော့ ကြားဖြတ်အစိုးရ ဘက်က လက်နက်ကိုင် တွေက ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားတဦး ဖြစ်တဲ့ ဆေ့ဖ် အဲလ် အစ္စလာမ်ကို အဲဒီ ဒေသ အတွင်းမှာပဲ ဖမ်းမိခဲ့ ပါတယ်။ ဒီ လူ နှစ်ဦးလုံးကို နိုင်ငံတကာ ရာဇဝတ် တရားရုံး (အိုင်စီစီ) က စစ် ရာဇဝတ်မှု တွေနဲ့ အလိုရှိ နေခဲ့တာ ဖြစ်ပါတယ်။ လစ်ဗျား အသွင်ပြောင်း အစိုးရ ကတော့ အိုင်စီစီကို ဆေ့ဖ် အဲလ် အစ္စလာမ်ကို မျှတစွာ တရားစီရင် သွားမှာ ဖြစ်တယ်လို့ ကတိပေးထားပါတယ်။