မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်

  • 21 နိုဝင်ဘာ 2011
Image caption ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မီတီ အစည်းအဝေး

အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့မှာ တနင်္လာနေ့ က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မီတီမှာ အီရန် ၊ မြောက်ကိုရီးယားနဲ့ မြန်မာ နိုင်ငံ တွေက လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှု တွေကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တွေကို စံချိန်တင် လောက်တဲ့ ထောက်ခံမဲတွေနဲ့ အတည်ပြုခဲ့ ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၉၈ နိုင်ငံက ထောက်ခံခဲ့ပြီး မနှစ်ကထက် နှစ်နိုင်ငံတိုးလာတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မှာတော့ မကြာခင်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ တွေ့ဆုံခဲ့တာ ၊ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွှတ်ပေးခဲ့တာနဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အပြောင်းအလဲ ရှိခဲ့တဲ့ အပေါ် ကြိုဆိုခဲ့ပါတယ်။

ဒါပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ အားလုံးကို ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ အပြင်းအထန် တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အခြေခံ လွတ်လပ်ခွင့်တွေနဲ့ လူ့အခွင့်အရေး တွေကို စနစ်တကျ ချိုးဖောက်မှု ဆက်ရှိနေပြီး လူတွေကို တဖတ်သက် စွဲချက်နဲ့ ဖမ်းဆီး ထောင်ချမှုတွေ ၊ တိုင်းရင်းသား ဒေသတွေမှာ အဓမ္မ နေရာရွေ့ပြောင်းမှုတွေ ၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့် ၊ ညှင်းပမ်း နှိပ်စက်မှုတွေနဲ့ လူမဆန်စွာ ပြုကျင့်ဆက်ဆံမှု တွေကို ထောက်ပြခဲ့ပြီး လူမျိုးစု တိုင်းရင်းသားတွေကို ဆက်ဆံမှု အထူးသဖြင့် ကရင်တိုင်းရင်းသား တွေအပေါ် ဆက်ဆံ မှုတွေ ကိုလည်း အလွန်အမင်း စိုးရိမ်ကြောင်း ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေ ကတော့ အစိုးရရဲ့ ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်း တည်ဆောက်မှု ကြိုးပမ်းချက်တွေ အပေါ် ဦးစားပေး ပြောဆို ခဲ့ပြီး ဒါတွေနဲ့ပတ်သက်လို့ နားလည်မှုနဲ့ ကြိုဆိုထိုက်တယ်လို့ ပြောခဲ့ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်ရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေကို အသိအမှတ်ပြု ခဲ့ပေမယ့် တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတုန်းဘဲ ၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး ဒါဟာ နိုင်ငံတကာက မြန်မာ ပြည်သူတွေကို မေ့မထားဘူး ဆိုတာ ပြလိုက်တာဘဲလို့ ဆိုပါတယ်။