ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် တဖက်နဲ့ တဖက် အပြစ်တင်နေ

  • 22 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ ဘတ်ဂျက် လိုငွေပြမှု ပြဿနာ ဖြေရှင်းဖို့ သဘောတူညီမှု မရသေး

အမေရိကန် ပြည်ထောင်စုမှာ အစိုးရ ဘတ်ဂျက် လိုငွေ အကြီးအကျယ် ပြနေမှုကို ဘယ်လို လျှော့ချမလဲ ဆိုတဲ့ အပေါ် ဆွေးနွေးနေတာ နှစ်လကြာခဲ့ပြီ ဖြစ်ပေမယ့် သဘောတူညီချက် မရသေးပါဘူး။

ဆူပါ ကော်မတီ လို့ခေါ်တဲ့ အဲဒီ အဖွဲ့အတွင်းမျာ ရီပါ့ဘလစ်ကန်နဲ့ ဒီမိုကရက် အမတ် ခြောက်ယောက်စီ ပါဝင်ကြီး ဘတ်ဂျက် တစ်ထွီလီယံ ဒေါ်လာ ကျော် လျော့ချဖို့ ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

ချမ်းသာတဲ့ အမေရိကန် တွေဆီက အခွန်တိုးကောက်ဖို့ကို ရီပါ့ဘလစ်ကန် တွေက ပယ်ချခဲ့တယ်လို့ ဒီမိုကရက်တွေက ဆိုပြီး တခါ အသက် အရွယ် ကြီးရင့်သူတွေနဲ့ နွမ်းပါးသူတွေကို ပေးထားတဲ့ အကျိုးခံစားခွင့်တွေကို ဒီမိုကရက်တွေက ဖြတ်တောက် မပစ်ချင်ဘူးလို့ ရီပါဘလစ်ကန်တွေက ထောက်ပြကာ နှစ်ဖက် ပါတီဝင်တွေကြား တဖက်ပေါ် တဖက် အပြစ်ပုံချခဲ့ ကြပါတယ်။

အမေရိကန် အစိုးရရဲ့ လတ်တလော ကြွေးမြီဟာ ၁၅ ထွီလီယံ အထိ ထိုးတက်သွားပါပြီ။

လာမယ့် ၂ဝ၁၃မှာ ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှု အပါအဝင် တခြား ဖြတ်တောက်မှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။

အစိုးရတွေရဲ့ ကြွေးမြီ ပြဿနာ အပေါ် စိုးရိမ်မှုတွေ ဆက်လက် တိုးပွားလာနေရာမှာ ဥရောပနဲ့ အမေရိကန် တလွှားက အစုရှယ်ယာ စျေးတွေ ထပ်မံ ကျဆင်းခဲ့ပါတယ်။

ပါရီနဲ့ ဖရန့်ဖတ်မြို့က အဓိက ရှယ်ယာ အညွန်းကိန်းတွေလည်း သုံးရာခိုင်နှုန်းကျော် ကျသွားခဲ့ပြီး လန်ဒန်မြို့မှာလည်း အလားတူ နီးပါး ကျဆင်းခဲ့ပါတယ်။

New York မြို့က Dow Jones အညွန်းကိန်းကတော့ နေ့လည်ပိုင်းမှာ နှစ်ရာခိုင်နှုန်း နီးပါး ကျခဲ့ပါတယ်။

အစိုးရ ဘတ်ဂျက်လိုငွေ အကြီးအကျယ် ပြနေမှုကို လျှော့ချဖို့ တာဝန် ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်က ဒီမိုကရက်နဲ့ ရီပါဘလစ်ကန် နှစ်ပါတီ ပါဝင်တဲ့ အထူး လွှတ်တော် ကော်မတီက ဝန်ခံပြောကြား လိမ့်မယ်လို့ ယူဆပြီး အခုလို အစုရှယ်ယာစျေးတွေ ကျခဲ့တာ ဖြစ်ပါတယ်။