စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို ဆန္ဒပြသူတွေ မကျေနပ်သေး

  • 23 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် PA
Image caption ဗြိတိန် ဝန်ကြီးချုပ်နဲ့ အီဂျစ် ဗိုလ်ချုပ်ကြီး တန်တာဝီ

အီဂျစ်နိုင်ငံမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ ပြီးတဲ့နောက် လက်ရှိ အုပ်ချုပ်နေတဲ့ စစ်ကောင်စီ ခေါင်းဆောင်က အရပ်သား အုပ်ချုပ်ရေး အဖွဲ့လက်ထဲ အမြန် အာဏာလွှဲ ပေးမယ်လို့ ဂတိပေးခဲ့ပါတယ်။

လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့ အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ် ၊ သမ္မတ ရွေးကောက်ပွဲကိုတော့ လာမယ့်နှစ် ဇူလိုင်လ မတိုင်ခင် ကျင်းပ သွားမယ်လို့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမက် ဟူစိန် တန်တာဝီက ရုပ်မြင်သံကြားကနေ တိုက်ရိုက် မိန့်ခွန်းပြောကြား သွားခဲ့ပါတယ်။

ဒါ့အပြင် လူထုက ဆန္ဒရှိရင် စစ်တပ်က အာဏာကို ချက်ချင်း လွှဲပေးမှာပါလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း အဓိကရုန်းမှာ သေဆုံးသွားကြသူတွေရဲ့ ဆွေမျိုး မိသားစု အတွက်လည်း ဝမ်းနည်းကြောင်း သူက ပြောကြားခဲ့ပေမယ့် စစ်တပ်က အီဂျစ် အရပ်သား တွေကို ကျည်တတောင့်နဲ့တောင် မပစ်ခဲ့ပါဘူးလို့ ဆိုပါတယ်။

အခုလို စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Tantawi က ရုပ်မြင် သံကြားကနေ ပြေရာပြေကြောင်း မိန့်ခွန်း ပြောခဲ့ပေမယ့် ကိုင်ရိုမြို့လယ်က Tahrir Square တာဟ်ရီရာ ရင်ပြင် တဝိုက်မှာတော့ သောင်းနဲ့ချီတဲ့ ဆန္ဒပြ သမားတွေဟာ ညမှောင်ပိုင်း အချိန် ရောက်လာတဲ့ အထိ အီဂျစ်မှာ စစ်တပ် အုပ်ချုပ်ရေး ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုနေကြပါတယ်။

ဆန္ဒပြ လူအုပ်ကြားကနေ သတင်းပို့နေတဲ့ ဘီဘီစီ သတင်းထောက် အဆိုအရ ရဲတွေဖက်က မျက်ရည်ယိုဗုံးနဲ့ ဆန္ဒပြသူတွေ ဖက်ကလည်း ခဲတွေ ကျောက်တုံးတွေ လက်လုပ်ဗုံးတွေနဲ့ အပြန်အလှန် ဆက်တိုက် ဆိုသလို ပစ်ခတ်နေကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လိုက်လျော၊ ကမ်းလှမ်းမှု တွေက မလုံလောက်သေးဘူးလို့ ဆန္ဒပြ သမားတွေက ယူဆတာကြောင့် တာဟ်ရီရာ ရင်ပြင်မှာ ဆက်လက် ဆန္ဒပြ နေတုန်းဘဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အီဂျစ်မှာ ဆန္ဒပြမှုတွေကြောင့် လူသုံးဆယ်ကျော် သေဆုံးခဲ့ရ ပါတယ်။