အိန္ဒိယမှာ နိုင်ငံခြား ဆူပါမားကက်တွေ ဖွင့်နိုင်တော့မယ်

  • 24 နိုဝင်ဘာ 2011
Image caption ဒီလိုရပ်ကွက်ကုန်စုံဆိုင်တွေနေရာကို နိုင်ငံခြားဆူပါမားကက်ကြီးတွေ ဝင်နေရာယူနိုင်

Walmart နဲ့ Tesco စတဲ့ ဆူပါမားကက် ကုန်စုံဆိုင်ကြီးတွေကို ကမ္ဘာတဝှမ်းက နိုင်ငံ အတော်များများမှာ သိကြ မြင်ကြ တွေ့ကြရပေမယ့် စားသုံးသူအများဆုံးစျေးကွက်ကြီးတခု ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဒီလို စျေးဆိုင်ကြီးတွေကို မတွေ့ရပါဘူး။

ဒါပေမယ့် အခုမကြာခင် မြင်တွေ့လာရတော့မှာပါ။

ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံမှာ လက်လီအရောင်း ကဏ္ဍမှာ နိုင်ငံခြား ကနေ တိုက်ရိုက်ရင်းနှီးမြှတ်နှံတာကို ကန့်သတ်တဲ့ လက်ရှိ မူဝါဒကို

လပေါင်းများစွာ အခြေအတင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခု ပြောင်းလဲတော့မယ်လို့ အစိုးရက ကြေညာခဲ့လို့ပါဘဲ။

ဒါကြောင့် အိန္ဒိယမှာ ရင်းနှီးမြှတ်နှံဖို့ နှစ်ပေါင်းများစွာ မျှော်လင့် စောင့်ဆိုင်းနေခဲ့ကြတဲ့ Walmart နဲ့ Tesco တို့လို့ ကုမ္ပဏီကြီးတွေ အဖို့ အခု အိန္ဒိယစီးပွားရေး မူဝါဒပြောင်းတဲ့အတွက် ရင်းနှီးမြှတ်နှံဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲလာတဲ့ မူဝါဒကြောင့် အခြေခံ အဆောက်အအုံတွေ ပိုပြီး တိုးတက်ကောင်းမွန်လာအောင်လာလိမ့်မယ်လို့ မျှော်လင့်ရသလို ကုမ္ပဏီကြီးတွေအနေနဲ့လဲ ကုန်ပစ္စည်းတွေကို ပိုပြီး အရည်အသွေးကောင်းကောင်းနဲ့ စျေးသက်သက်သာသာနဲ့ ဖြန်ဖြူးနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် အိန္ဒိယ လက်လီစျေးကွက်ရဲ့ ၉၀ ရာခိုင်နှုံး အစဉ်အလာ အိန္ဒိယ လက်လီကုန်သည်ကြီးတွေနဲ့ ရပ်ကွက်တွင်းက ကုန်စုံဆိုင်တွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

အခုလို လက်လီစျေးကွက်မှာ နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှတ်နှံမှုတွေကြောင့် ဆူပါမားကက် ကုန်စုံဆိုင်ကြီးတွေ ပေါ်လာရင် အဲဒီ လက်လီ ကုန်သသည်လေးတွေ စျေးသည်လေးတွေ အလုပ်လက်မဲ့ ဖြစ်ကုန်လိမ့်မယ်လို့ မူဝါဒအပြောင်းအလဲကို ဆန့်ကျင်လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါပေမယ့် လက်လီရောင်းဝယ်သူများ အဖွဲ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကူးမား ရာဂျ်ဂိုပလမ် ကတော့ အစိုးရဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

နောက် ၁၀နှစ်ဆိုရင် အိန္ဒိယက လက်လီရောင်းဝယ်သူတွေနဲ့ နိုင်ငံတကာက ကုန်သည်ကြီးတွေ တဦးက တဦးကို မထိခိုက်စေဘဲ အတူယှဉ်တွဲ ရှင်သန်လှုပ်ရှားနေကြတာကို မြင်ကြရပါလိမ့်မယ်လို့ သူက ပြောပါတယ်။