အီဂျစ်ဝန်ချုပ် မိန့်ခွန်း စိတ်တိုင်း မကျကြ

  • 26 နိုဝင်ဘာ 2011
egypt
Image caption အီဂျစ် ဝန်ကြီးချုပ်သစ် ဂန်ဇူရီ

အီဂျစ်မှာ အသစ်တက်လာတဲ့ ဝန်ကြီးချုပ် သစ်က သူ့ကို အချိန်ပေးဖို့ ဆန္ဒ ပြနေသူ တွေကို ပန်ကြားလိုက်ပေမယ့် လူတွေက စိတ်တိုင်းကျပုံ မရပါဘူး။

ဆန္ဒပြသူတွေက စစ်အုပ်ချုပ်ရေး အဆုံးသတ် ရေးကိုသာ လိုလားတယ်လို့ ပြောနေပါတယ်။

တာဟီရာ ရင်ပြင်မှာ ညသန်းခေါင် ကျော်လာ ချိန်ထိဆန္ဒပြသူရှစ်သောင်းကိုးသောင်းလောက် ရှိနေပါတယ်။

ဆန္ဒ ပြမှုတွေဟာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိတယ်၊ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပေးဖို့ တောင်းဆို နေကြပါတယ်။

လူတွေက အရပ်သား အစိုးရကိုပဲ မြင်ချင်တယ်လို့ ပြောပြီး ဘယ်လို အစိုးရမျိုး လိုချင်လဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ တိတိကျကျ အဖြေ ပေးနိုင်ပုံ မရသေးဘူးလို့ ပြောပါ တယ်။

ဝန်ကြီးချုပ်သစ်က အစောပိုင်းက သူ့ကို အချိန်ပေးဖို့ ပန်ကြားပေမယ့် ဒီ ပန်ကြားချက်က လူတွေ နားထဲ ဝင်မယ့်ပုံ မရှိပါဘူး။

သူ့ ထောက်ခံ သူတွေ ကတော့ သူဟာ လုပ်ရည် ကိုင်ရည် ရှိသူဆိုတာ တိုင်းသိ ပြည်သိ ဖြစ်တယ်၊ နှိုင်းယှဉ်ချက် အရ တခြား လူတွေထက် လူကြိုက်များသူ ဖြစ်တယ်၊ ခုလို ရွေး ကောက်ပွဲ ကျင်းပခါနီး အတိမ်း အစောင်းမခံတဲ့ အခြေ အနေမျိုးမှာ အီဂျစ်ကို ထိန်းကျောင်း ပဲ့ကိုင်နိုင်မယ့်သူလို့ ပြောကြသလို တချို့ ကလည်း သူဟာ မူဘာရက် အစိုးရထဲကလူ၊ ဒီလို လူတွေကြောင့် အီဂျစ်က ဒုက္ခရောက်ရတာလို့ မြင်ကြပါတယ်။

မနေ့ နေ့ပိုင်းတုန်းက ဆန္ဒပြသူတွေ ထဲမှာ အရင် ကုလ တာဝန်ခံ မိုဟာမက် အယ်လဘာ ရာဒိုင်းကို တွေ့ခဲ့ရပေမယ့် သူ့ကို ထောက်ခံမှု ကျယ်ကျယ် ပြန့်ပြန့် မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီဂျစ်မှာ ရေပန်း အစားဆုံး မွတ်စလင် ညီရင်း အကိုများ အဖွဲ့

လက်ရှိ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာ ရေပန်း အစားဆုံးကတော့ မွတ်စလင် ညီရင်းအကိုများ အဖွဲ့ပါ။

ဒါပေမယ့် သူတို့က တနင်္လာနေ့မှာ ရွေးကောက်ပွဲ ဝင်မှာဖြစ်ပြီး ရွေးကောက်ပွဲမှာ နေရာအများဆုံး ရနိုင်တာ သိထားတော့ ခုတာဟီရာ ရင်ပြင်က ဆန္ဒပြပွဲကို မဖြစ်စေချင်ပါဘူး။ ရွေးကောက်ပွဲ မပျက်စေချင်ပါဘူး။

ဒီတော့ အီဂျစ်မှာ စစ်တပ်က အုပ်ချုပ်မှု အာဏာ ယူထားပေမယ့် နိုင်ငံရေး အရ တရားဝင်တဲ့ အဖွဲ့ တဖွဲ့ ပေါ်လာဖို့ အရေးမှာ လစ်ဟာနေတယ် လို့ ဘီဘီစီ သတင်းထောက်က ကိုင်ရိုကနေ သတင်း ပို့ပါတယ်။