အီဂျစ်မှာ ရွေးကောက်ပွဲ ဆက်လုပ်မယ်

  • 27 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် reuters
Image caption စစ်တပ်ကို ဖိအားပေးတာကို ခွင့်မပြုဘူးလို့ ဗိုလ်ချုပ်ကြီး တန်တာဝီက ပြောပါတယ်

အီဂျစ်နိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်မှု တွေ တိုးမြင့်လာနေပေမယ့်လည်း တနင်္လာ နေ့ ကျင်းပဖို့ရှိတဲ့ ပါလီမန် ရွေးကောက်ပွဲ တွေကို စီစဉ်ထားတဲ့ အတိုင်း ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌက ပြောကြားလိုက်ပါတယ်။

လက်ရှိ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး တန်တာဝီက ဘယ်လိုအုပ်စုကပဲ ဖြစ်ဖြစ် စစ်တပ်ကို ဖိအားပေးတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့အပတ်က သူခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်ဖြစ်သူကိုလည်း သမ္မတ ကိုယ်စားလှယ်လောင်း နှစ်ဦး ဖြစ်တဲ့ မိုဟာမတ် အဲလ် ဘာရာဒေးနဲ့ အာမာ မူဆာ တို့အနေနဲ့ ထောက်ခံကြဖို့ ပန်ကြားလိုက်ပါတယ်။

ဆန္ဒပြသူတွေကတော့ စစ်အုပ်ချုပ်မှု ဆန့်ကျင့်ရေး ပိုမိုကြီးမားတဲ့ လူထုဆန္ဒပြပွဲတွေ ဒီကနေ့ ပြုလုပ်ဖို့ တိုက်တွန်း နှိုးဆော်ထားပြီး၊ စစ်တပ်အနေနဲ့ အရပ်သား အုပ်ချုပ်ရေးကို ချက်ခြင်း အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုထားပါတယ်။