ဆီးရီးယား ကို အာရပ် အဖွဲ့ချုပ် အရေးယူပြီ

  • 28 နိုဝင်ဘာ 2011
arab_league_foreign_ministers_meeting ဓာတ်ပုံ မူပိုင် Reuters
Image caption အာရပ် အဖွဲ့ချုပ် အစည်းအဝေး ကျင်းပရာ

ဆီးရီးယား နိုင်ငံမှာ အစိုးရ ဆန့်ကျင်သူ တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတာ တွေကို ရပ်တန့်ဖို့ အတွက် ရည်ရွယ်ပြီး အာရပ် အဖွဲ့ချုပ် က ဆီးရီးယား နိုင်ငံ ကို စီးပွားရေး အရ ပိတ်ဆို့ အရေးယူ မှုတွေ လုပ်ဖို့ မဲခွဲ ဆုံးဖြတ်လိုက် ပြီ ဖြစ်ပါတယ်။

အာရပ် နိုင်ငံ တွေက ဆီးရီးယား အစိုးရ၊ ဆီးရီးယား ဘဏ်တွေ နဲ့ ပတ်သက်တဲ့ ကုန်သွယ်မှုတွေ၊ ဘဏ္ဍာရေး ဆိုင်ရာ အရောင်းအဝယ် ကိစ္စတွေ အားလုံးကို ပိတ်ဆို့ ရပ်နား ထား ကြတော့မှာ ဖြစ်ပါတယ်။ ဒါတွေအပြင် ဆီးရီးယား အစိုးရ အကြီးအကဲ တွေကို အာရပ် နိုင်ငံတွေကို ခရီးသွားလာ ခွင့်တွေ ကိုလဲ ပိတ်ထား ကြမှာ ဖြစ် ပါတယ်။

ဒီလို လုပ်လိုက် ခြင်းအားဖြင့် နိုင်ငံတကာမှာ ဆီးရီးယားရဲ့ အထီးကျန် ဖြစ်မှု ကို ပိုပြီး သိသာလာစေ မယ်လို့ တော့ ဘီဘီစီ သတင်းထောက်က သုံးသတ် ထားပါတယ်။

ဒါပေမယ့်လဲ ဆီးရီးယား ရဲ့ အိမ်နီးချင်း နဲ့ အဓိက ကုန်သွယ်ဘက် တွေဖြစ်ကြတဲ့ အီရတ်နဲ့ လက်ဘနွန် နိုင်ငံတွေ ကတော့ ဒီ ပိတ်ဆို့မှု တွေကို မထောက်ခံကြတဲ့ အတွက် အားရှိစရာ လေးတော့ ရှိနေသေးတယ် လို့ ဆိုပါတယ်။