အီဂျစ် ရွေးကောက်ပွဲ လူအများအပြား မဲလာထည့်

  • 29 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ကောင်စီ ကြီးကြပ်တဲ့ အီဂျစ် ရွေးကောက်ပွဲ

အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက သမ္မတ မူဘာရက် ရာထူးက ဆင်းပေးခဲ့ ရပြီးတဲ့နောက် အရင်ဦးဆုံး ပါလီမန် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တဲ့ ပထမဆုံး နေ့မှာ လူတွေ အများအပြား မဲလာထည့် ခဲ့ကြပါတယ်။

အခုလို ချွတ်ယွင်းချက် မရှိဘဲ ပြည့်စုံတဲ့ ရွေးကောက်ပွဲမျိုး တခါမှ မတွေ့ဖူးပါဘဲ ကျွန်တော် တွေ့ရသလောက် ကိုင်ရိုမြို့ တဝိုက်မှာ ဆိုရင် ဒီနေ့ဟာ အီဂျစ် ပြည်သူတွေ အတွက် နေ့ထူး နေ့မြတ် တရက် ဖြစ်ပြီး လူထုရဲ့ ရွေးကောက်ပွဲ အပေါ် အထူးတလည် စိတ်ဝင်စား မှုကိုလည်း တွေ့ရပါတယ်လို့ အမေရိကန် လွှတ်တော် အမတ် ဒေးဗစ် ဒရိုင်ရာက ဆိုပါတယ်။

ထောက်ပို့ အခက်အခဲတွေနဲ့ မဲရုံမှာ မဲပေးဖို့ စောင့်နေရတဲ့ ရှည်လျားတဲ့ လူတန်းကြီးကြောင့် လက်ရှိ အာဏာရ စစ်ကောင်စီက အချိန် နှစ်နာရီ ပိုဖွင့်ပေးခဲ့ရပြီး အခုတော့ မဲရုံတွေ ပိတ်သွားပါပြီ။

မဲပြား ၊ မဲပုံးနဲ့ မင် ပြတ်လပ်မှုတွေ ရှိခဲ့သလို တချို့ မဲရုံကြီးကြပ်သူတွေလည်း မဲရုံဆီ သွားရင်း လမ်းပျောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

ရုန်းရင်းဆန်ခတ်မှုတွေလည်း ရှိခဲ့ပြီး လူ၂၅ယောက်ကျော်လောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေကတော့ အကြမ်းဖက် မဲသမာမှု မဲခိုးမှုတွေ မရှိဘူးလို့ ပြောပါတယ်။