ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံ ကျင်းပပြီးစီး

  • 30 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝါဆိုဆရာတော်နဲ့ သီတဂူဆရာတော်တို့ဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ သီခြားတွေ့

ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံကို အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့မှာ နိုဝင်ဘာ ၂၇ရက် နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပခဲ့ရာ ဒီကနေ့မှာ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

ဒီညီလာခံမှာ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ နီပေါ၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံပေါင်း ၄၆ နိုင်ငံက ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့ ကျမ်းတတ် ပုဂ္ဂိုလ် ၉၀၀ ကျော်တို့ တက်ရောက်ပြီး ဘာသာ၊ သာသနာရေး ဆိုင်ရာများ ဆွေးနွေး ပြောဆိုကြ တယ်လို့ သိရပါတယ်။

မြန်မာပြည်က ရွှေကျင်သာသနာပိုင် ဝါဆို ဆရာတော် ဘုရားကြီးနဲ့ သီတဂူဆရာတော် ဦးဉာဏိဿရ အပါအဝင် ဆရာတော် အပါး ၄၀ လောက် တက်ရောက်ခဲ့ပါတယ်။

တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝါဆို ဆရာတော် ဘုရားနဲ့ သီတဂူ ဆရာတော်တို့ကို သီးခြားတွေ့ဆုံခဲ့ပြီး ထေရဝါဒနဲ့ မဟာယာန ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သီတဂူ ဆရာတော်ကြီးက ဘီဘီစီကို မိန့်ပါတယ်။

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား တက်ရောက် မိန့်ခွန်းပြောကြားမယ် ဆိုတာကြောင့် တရုတ်အစိုးရက အိန္ဒိယအစိုးရကို ကန့်ကွက်ခဲ့လို့ မူလက ညီလာခံဖွင့်ပွဲကို တက်ရောက်ဖို့ စီစဉ်ထားတဲ့ အိန္ဒိယသမ္မတနဲ့ ဝန်ကြီးချုပ်တို့ဟာ ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း မရှိခဲ့ ဘူးလို့ အိန္ဒိယ သတင်းတွေမှာ ရေးသားထားပါတယ်။