အီရန်ကို EUက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်လုပ်

  • 1 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Getty Images
Image caption တီဟီရန်မြို့ ဗြိတိသျှ သံရုံး အဆောက်အအုံ တွေကို အီရန် ဆန္ဒပြသူတွေ ဝင်ဖျက်ဆီးခဲ့

အီရန် နျူးကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်နေတဲ့ EU ဥရောပ သမဂ္ဂက အီရန် အစိုးရ အရာရှိတွေ နဲ့ ကုမ္ပဏီ ၁၈၀လောက်အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ သဘောတူလိုက် ပါတယ်။

အီရန်နိုင်ငံရဲ့ စွမ်းအင် ကဏ္ဍပိုင်းကို ပစ်မှတ် ထားနိုင်ဘွယ် ရှိတဲ့ တခြား ဒဏ်ခတ် ပိတ်ဆို့မှု တွေ လုပ်နိုင်ရေး ဆက်ကြိုးစားသွားဖို့ကိုလည်း Brussels မြို့ အစည်းအဝေးမှာ EU နိုင်ငံခြား ရေး ဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။

နျူးကလီးယား လက်နက်တခု ထုတ်လုပ်မှုမှာ အီရန် ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာတခု ထွက်ပေါ်လာအပြီးမှာ အခုလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာပါ။

အီရန် အစိုးရကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့မှာ ရှိတဲ့ ဗြိတိသျှ သံရုံး အဆောက်အဦးတွေကို အီရန် ဆန္ဒပြသူ ရာနဲ့ ချီ ဝင်ရောက် ဖျက်ဆီးခဲ့ကြအပြီး ၂ရက်အကြာမှာပဲ EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အခုလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တီဟီရန်မြို့ကနေ ဗြိတိသျှ သံတမန်တွေကို ပြန်ခေါ်ခဲ့အပြီး လန်ဒန်မှာရှိတဲ့ အီရန် သံတမန် တွေကို နိုင်ငံထဲက ထွက်ခွာပေးဖို့ ဗုဒ္ဓဟူးနေ့က ဗြိတိန် အစိုးရက ထုတ်ဖေါ် ကြေညာခဲ့ ပါတယ်။

အီရန်အစိုးရအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ရေးကို ဇန္နဝါရီလ မတိုင်ခင် ဆုံးဖြတ်မယ်လို့ EU နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောပါတယ်။