မစ္စစ်ကလင်တန် ယေဘူယျ အကောင်းမြင်

  • 2 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စစ်ကလင်တန်ရဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်းအမေရိကန် အစိုးရရဲ့ အဆင့်မြင့်ဆုံး တာဝန်ရှိသူတဦးအနေနဲ့ ပထမဆုံးအကြီမ်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှုအပြီး မစ္စစ်ကလင်တန် လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရနဲ့ပတ်သက်လို့ ယေဘူယျအားဖြင့် အကောင်းမြင်သုံးသပ်သွားတာ များပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ကာလရှည်ကြာ မျှော်လင့်နေတဲ့ တံခါးဖွင့်ဝါဒရဲ့ ပထမခြေလှမ်းကို စခဲ့ပြီလို့ မစ္စစ်ကလင်တန်ကပြောခဲ့ပြီး ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အခန်ကဏ္ဍသစ်တရပ်ကို ဖွင့်လှစ်ဖို့ အစလို့ လည်း ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မီဒီယာတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေ အပေါ် ကန့်သတ်ထားတာတွေကို လျော့ချပေးခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တယ်၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကိုလည်း ပြင်ဆင်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးခဲ့တာဟာ အားတက်ဖို့ကောင်းတယ်၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား တထောင်ကျော် ထောင်ထဲမှာ ရှိနေသေးတယ်။ နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာနိုင်တာကို အားတက်ပေမဲ့ ဒါနဲ့ မလုံလောက်သေးဘူးလို့ ပြောပါတယ်။

တိုင်းရင်သားဒေသတွေက တင်းမာမှုကို လျော့ချနိုင်ဆို့ ကြိုးစားနေတာကို ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာလကြာရှည်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ရင် စာမျက်နှာသစ်ဖွင့်ပြီလို့ မခေါ်နိုင်သေးကြောင်းပြောသွားပါတယ်။

အောက်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။