ယူရိုဇုန်အကျပ်အတည်း ဖြေရှင်းရေး အချိန်ကြာမယ်

  • 2 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဥရောပ အကျပ်အတည်းကို တထိုင်တည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ ပြောပါတယ်

ယူရိုဇုန် ကြွေးမြီအကျပ်အတည်း ဖြေရှင်း ရေး အတွက် ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာကို ပြင်သစ်သမ္မတ ဆာကိုဇီက ထုတ်ပြန် ခဲ့ပြီး နောက်တနေ့မှာ တော့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က ဒီလုပ်ငန်းစဉ်တွေဟာ အချိန် နှစ်နဲ့ချီပြီး ကြာလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဥရောပ အကျပ်အတည်းကို တထိုင်တည်းနဲ့ ဖြေရှင်းလို့ မရနိုင်သလို လွယ်ကူ မြန်ဆန်တဲ့ ဖြေရှင်းချက်တွေလည်း ရှိမှာ မဟုတ်ပါဘူးလို့ ဂျာမန်ပါလီမန်မှာ သူက ပြောကြားသွားတာ ဖြစ်ပါတယ်။

ယူရိုငွေသုံးနိုင်ငံတွေအကြား၊ ပိုမိုကြီးမားတဲ့ တည်ငြိမ်မှုရရှိရေး အတွက် စတင် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ယူရိုဇုန်တလွှား အစိုးရတွေရဲ့ အကြွေးတွေကို ဖြေရှင်းပေးဖို့ အတွက် ဥရောပဗဟိုဘဏ်က ယူရိုဘွန်း စာချုပ်တွေ ထုတ်ရောင်းပေးဖို့ စဉ်းစားချက်ကို မစ္စစ်မာကဲလ်က ပယ်ချလိုက် ပါတယ်။

နောက်ပြီး ဥရောပသမဂ္ဂ အကွဲအပြဲ ဖြစ်မှာကို ရှောင်ရှားနိုင်ဖို့ အတွက် သဘောတူ စာချုပ်မှာ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ပြင်သစ် သမ္မတ ဆာကိုဇီနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တို့ဟာလည်း ပြင်သစ်နဲ့ ဂျာမဏီတို့ရဲ့ ယူရိုဇုန် ကယ်ဆယ်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးနေကြ ပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ တခြား ဥရောပနိုင်ငံတွေကို ဝေဖန်မှုတွေလုပ်ခဲ့ပြီး၊ သူတို့ရဲ့ အစည်း အဝေးတွေ ကိုလည်း ဗြိတိန်က ကြားဝင်စွက်ဖက်မှုတွေ ရှိခဲ့တဲ့ အတွက် သူ့အနေနဲ့ စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်လို့ မစ္စတာ ဆာကိုဇီက အောက်တိုဘာလတုန်းက ပြောခဲ့ဖူး ပါတယ်။

မစ္စတာ ကင်မရွန်းကတော့ ယူရိုဇုန် အကျပ်အတည်း ဖြေရှင်းရေး ဆောင်ရွက်ရာမှာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ပါဝင်ပြီး တိုင်ပင်ဆောင်ရွက်ကြဖို့ လိုလား နေတာ ဖြစ်ပါ တယ်။