ပြင်သစ်နဲ့ ဂျာမဏီ ကွဲရင် ဥရောပ အင်အား ချိနဲ့သွားမယ်

  • 2 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျာမန် ဝန်ကြီချုပ် မာခဲလ်နဲ့ ပြင်သစ် သမ္မတ ဆာကိုဇီ

ယူရိုဇုန် အနာဂတ် အတွက် ပူးပေါင်းပြင်ဆင်မယ့် အစီအစဉ်တွေကို ကြေညာရအောင် လာမယ့် တနင်္လာနေ့ကျရင် ပါရီမြို့မှာ ဂျာန် ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံကြမယ်လို့ ပြင်သစ် သမ္မတ Nicolas Sarkozy က ပြောပါတယ်။

ဥရောပ သမဂ္ဂ အတွင်း ပိုမို ပူးပေါင်းမှုတွေ ရှိလာနိုင်ပြီး ဥရောပ နိုင်ငံတွေရဲ့ အစိုးရတွေ အပေါ် ဘဏ္ဍာရေး စည်းကမ်းတွေ ချမှတ်ဖို့ လုပ်ထုံး လုပ်နည်းသစ်တွေကို ပြင်သစ်နဲ့ ဂျာမဏီတို့က ရှာကြမယ်လို့ မစ္စတာ ဆာကိုဇီက စီးပွားရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းထဲမှာ အဓိကထား ပြောသွားခဲ့ ပါတယ်။

ဥရောပ တခုလုံးဟာ ညီညီညွတ်ညွတ် အတူတကွ ကြံကြံခံ ရပ်တည်နေတာ ဖြစ်ပါတယ် ၊ ပြင်သစ်နဲ့ ဂျာမဏီ ကွဲကွဲပြားပြား ရပ်တည်မယ် ဆိုရင် ဥရောပ တခုလုံး ကွဲပြားပြီး အင်အားချိနဲ့ သွားမှာပါလို့ မစ္စတာ ဆာကိုဇီက ပြောပါတယ်။

ယူရိုဇုန် ကြွေးမြီ ပြဿနာဟာ ဥရောပ သမဂ္ဂရဲ့ အဓိက အားနည်းချက် ဖြစ်ပြီး ဥရောပ သမဂ္ဂ အနေနဲ့ ဒီကိစ္စ အပေါ် ယုံကြည်မှု ပြန်လည် ရရှိအောင် တည်ဆောက်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ဒီပြဿနာကို အလျင်အမြန် ဒါမှမဟုတ် ထိထိရောက်ရောက် မဖြေရှင်းနိုင်တာဟာ ဥရောပ သမဂ္ဂ အတွက် စိတ်ပျက်စရာကောင်းတယ်လို့ သူက ပြောပါတယ်။

Image caption ဗြိတိန် ဗဟိုဘဏ် ဥက္ကဌ Mervyn King သတိပေးပြီ

လက်ရှိ စီးပွားရေး အခြေအနေဟာ အလွန်အမင်း စိုးရိမ်စရာကောင်းတယ်လို့ ဗြိတိန် ဗဟိုဘဏ် ဥက္ကဌ မာဗင်ကင်းန်က ပြောကြားပြီး ရှေ့ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ ကိုယ့်ရဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ ထုတ်သုံးကြပါလို့ ဗြိတိသျှ ဘဏ်တွေကို တိုက်တွန်း လိုက်ပါတယ်။

ယူရိုဇုန် ထဲက တချို့ နိုင်ငံတွေမှာ စီးပွားရေး ပြဿနာတက် နေတာက ဗြိတိန်က ဘဏ်စနစ်ကို အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်လို့ သူက ဆိုပြီး နောက်ဆုံးမှာ ယူရိုဇုန်ဟာ ပြိုကွဲသွား နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဥရောပ ဗဟိုဘဏ် ဥက္ကဌ မာရီယို ဒရက်ဂီ ကတော့ ယူရိုဇုန် ထဲပါတဲ့ တိုင်းပြည်တွေကို ပိုပြီး ထိရောက်တဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ ချကြပြီး စျေးကွက်ရဲ့ယုံကြည်မှု ရအောင် တည်ဆောက်ကာ ယူရိုငွေကြေး ခိုင်မာလာအောင် လုပ်ဆောင်ဖို့ တိုက်တွန်း ထားပါတယ်။