ဆီးရီးယားကို ကုလ ပြစ်တင် ရှုံချ

  • 3 ဒီဇင်ဘာ 2011
syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကုလ လူ့အခွင့် အရေး ကောင်စီ ဥက္ကဌ နာဗီ ပီလေး

ဆီးရီးယား အစိုးရကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြသူတွေကို ဖိနှိပ်မှုနဲ့ ကုလ လူ့အခွင့် အရေး ကောင်စီက ပြစ်တင် ရှုံချတဲ့ ပြဌာန်း ဆုံးဖြတ်ချက် တစောင်ကို ချမှတ်ခဲ့ပါတယ်။

လူ့အခွင့် အရေး ကောင်စီ အကြီးအကဲ နာဗီ ပီလေးက ဆီးရီးယား ပြည်သူတွေကိုရက်စက် တဲ့ ဖိနှိပ်မှုတွေကနေ အကာ အကွယ် ပေးဖို့ နိုင်ငံတကာ အနေနဲ့ ကြိုးစား လုပ်ဆောင် ရမယ်လို့ ပြောခဲ့ပါတယ်။

လူ့အခွင့်အရေး ကောင်စီက ချတဲ့ ပြဌာန်း ဆုံးဖြတ်ချက်တွေ ထဲမှာ အပြင်းထန်ဆုံးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီပြဌာန်း ဆုံးဖြတ်ချက်ကို နိုင်ငံ ၃၇ နိုင်ငံက ထောက်ခံခဲ့ပြီး ဒီအရေ အတွက်ဟာလည်း စံချိန် တင်ခဲ့ပါတယ်။

ပြဌာန်း ဆုံးဖြတ်ချက်မှာ ဆီးရီးယားကို တောင်းဆို ထားတာတွေကတော့ အကြမ်းဖက် ဖိနှိပ်မှုတွေ ရပ်ဖို့၊ လူသားချင်း စာနာမှု အခြေခံနဲ့ ကူညီ ထောက်ပံ့တဲ့ အဖွဲ့ အစည်းတွေကို ဆီးရီးယားထဲ ဝင်ခွင့် ပြုဖို့နဲ့ သတင်းထောက်တွေ ဝင်ခွင့်ပြုဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ အများကြီး ပါပြီး ပြစ်တင် ရှုံ့ချမှုတွေ ကိုလည်း အတော်လေး ပြင်းထန်တဲ့ စကားလုံး တွေနဲ့ ဖော်ပြ ထားပါတယ်။

နောက်တခါ ဆီးရီးယားရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးဖို့ လုံခြုံရေး ကောင်စီကို လွှဲပေးဖို့ ဆုံးဖြတ်ခဲ့တာကို ကြည့်ရင် ခုစခဲ့တဲ့ လုပ်ဆောင်ချက်တွေကနေ နောက်ဆုံး ဆီးရီးယား ခေါင်းဆောင်တွေကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ရုံးကို ပို့ဖို့ တောင်းဆိုတဲ့ထိ ဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားမှာ ဆန္ဒပြသူတွေကို အစိုးရက ဆက်ဖိနှိပ်နေ

မဲခွဲရာမှာ ၃၇ နိုင်ငံက ထောက်ခံမဲပေးပြီးလေး နိုင်ငံက ကန့်ကွက်ပါတယ်။ တရုတ်၊ ရုရှ၊ ကျူးဘားနဲ့ အီကွေဒေါတို့ ဖြစ်ပါတယ်။

ဒါကလည်း အဖွဲ့ဝင် နိုင်ငံတွေထဲမှာ တချို့က အချုပ် အခြာ အာဏာပိုင်တဲ့ နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်သင့်ဘူးလို့ ယူဆတဲ့ နိုင်ငံတွေ ရှိတာကို ပြနေပါတယ်။

ရုရှတို့ တရုတ်တို့ဆိုရင် သူတို့ ကိုယ်တိုင်ကနိုင် ငံတွေထဲမှာ လူ့အခွင့် အရေး ကိစ္စတွေကြောင့် ဝေဖန်ခံနေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဒီတော့ သူတို့က သူတို့ဘက် ပြန်လှည့်လာမှာ၊ နောက်တခါ လူ့အခွင့် အရေးကိစ္စကို အကြောင်းပြုပြီး လုံခြုံရေး ကောင်စီလွှဲတဲ့ အဖြစ်မျိုး အစ ရှိသွားမှာကို စိုးရိမ်ပါတယ်။

ဒါပေမယ့် ဒီတခေါက်မှာတော့ တရုတ်ရော၊ ရုရှရောကက အရင် အခေါက်တွေလို အကြောင်း ပြချက်တွေ များများစားစား မပေးပါဘူး။

ဘာလို့ဆို လူအခွင့်အရေး ချိုးဖောက်မှုတွေက ဆိုးလွန်း၊ အထောက်အထားတွေက ခိုင်မာ လွန်းတော့ သူတို့လည်း ဝင်ပြောလို့ မကောင်းတာကို ရိပ်စားမိပုံ ရပါတယ်။

ခု လူ့အခွင့်အရေး ကောင်စီက ပြစ်တင် ရှုံချလိုက်ပြီ ဖြစ်တဲ့ အတွက် လုံခြုံရေး ကောင်စီ အနေနဲ့ တခုခု လုပ်ဖို့ ဖိအားပေး ခံလာရပါပြီ။

တဘက်မှာ အမြဲတန်း အဖွဲ့ဝင် ငါးနိုင်ငံထဲမှာ တရုတ်နဲ့ ရုရှက ပါနေတော့ ဘယ်လောက်ထိ ခရီးရောက်မလဲဆိုတာ မခန့်မှန်း နိုင်ပါဘူး။

ဒါပေမယ့် လုံခြုံရေး ကောင်စီ အနေနဲ့ တခုခု လုပ်ဖို့ ဖိအားကြီး ရှိလာတာကတော့ အမှန်ပဲလို့ ဘီဘီစီ သတင်းထောက်က ဂျီနီဗာကနေ သတင်း ပေးပို့ထားပါတယ်။