ဆီးရီးယားမတည်ငြိမ်မှု ဒေသတွင်းကို ခြိမ်းခြောက်နေ

  • 3 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီ ခရီးစဉ်အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်

ဆီးရီးယားသမ္မတ ဘာရှားအဲလ် အာဆတ် ရာထူးက နှုတ်ထွက်ပေးရေး တောင်းဆိုသံ တွေ တိုးပွားလာနေတဲ့ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုဟာ တူရကီနိုင်ငံ ဘက်က ရပ်တည်ပါကြောင်းကို အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ပြောကြား လိုက်ပါတယ်။

ဆီးရီးယားအစိုးရကြောင့် ဒေသတွင်း မတည် မငြိမ် ဖြစ်နေရပြီး၊ ဂိုဏ်းဂဏ ပဋိပက္ခတွေ တိုးပွားလာစေမယ့် ခြိမ်းခြောက်မှုတွေ ရှိနေ တယ်လို့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန်က တူရကီနိုင်ငံ ခရီးစဉ်အတွင်း တူရကီ သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။

အခုအချိန်မှာ အမေရိကန်တို့ရဲ့နံပါတ် ၁ ရည်မှန်းချက်ဟာ ဆီးရီးယား နိုင်ငံက အကြမ်းဖက် မှုတွေကို အဆုံးသတ်အောင် ဆောင်ရွက်ဖို့နဲ့ သမ္မတ အာဆတ် ရာထူးက ဆင်းပေးဖို့ကိစ္စ တွေပဲ ဖြစ်တယ်လို့ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က တူရကီသမ္မတ အဗ္ဗဒူလာ ဂူးလ်ကို ပြောခဲ့ကြောင်း အမေရိကန် အရာရှိတွေက ဆိုပါတယ်။

ဒီအကြမ်းဖက်မှုတွေဟာ နိုင်ငံကို မတည်မငြိမ် ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး ဒီကနေတဆင့် ဒေသတွင်းကိုပါ ပျံ့နှံ့လာနိုင်တဲ့ ဂိုဏ်းဂဏ ကွဲပြားမှုတွေကို မီးလောင်ရာ လေပင့်သလို အားပေးရာလည်း ရောက်တယ်လို့ သူကဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကလည်း အဲဒီလို အုပ်စုတွေ ကွဲပြားအောင် ဆီးရီးယားအစိုးရက တမင်ဖန်တီးနေတယ်ဆိုပြီး စွပ်စွဲ နေပါတယ်။

ဆီးရီးယားအစိုးရဟာ ဆန္ဒပြမှုတွေကို ဖိနှိပ်ဖြိုခွဲရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မနေ့က စွပ်စွဲလိုက်ပါတယ်။