ဗိုလ်ချုပ် အကြောင်း ရုပ်ရှင်ရိုက်မယ်

  • 4 ဒီဇင်ဘာ 2011
bogyokeaungsan
Image caption ဗိုလ်ချုပ် အောင်ဆန်း

မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရုပ်ရှင် ရိုက်ဖို့ သမီး ဖြစ်သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရုပ်ရှင် အနုပညာရှင် တွေနဲ့ စနေနေ့ညနေ ပိုင်းက သူမရဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံ ခဲ့ပါတယ်။

တက်ရောက်ကြတဲ့ အနုပညာရှင်တွေ ၁၀၀ လောက်ရှိပြီး ဒါရိုက်တာ သရုပ် ဆောင်၊ ဇာတ်ညွှန်းရေး ဆရာ၊ စတဲ့ ရုပ်ရှင် နယ်ပယ် အသီးသီးက လူတွေ ပါဝင်ပြီး အဲဒီ ထဲမှာ လူရွှင်တော် ဇာဂနာ၊ ကျော်သူ၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ကြည်ဖြူရှင် စတဲ့ သူတွေပါသလို သရုပ်ဆောင်ပိုင်းမှာ ဆိုရင်လည်း နေတိုး၊ လွင်မိုး၊ ပြေတည်ဦး၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင် စတဲ့ သူတွေ ပါဝင် ကြပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း မွေးဖွားတဲ့ နှစ်တရာ ပြည့်ဟာ ၂၀၁၅ မှာ ပြည့်မှာမို့ အဲဒီအတွက် အထိမ်း အမှတ် အနေနဲ့ ဖန်တီးထုတ်လုပ်မှာမို့ ရိုက်ကူးဖို့ သုံးနှစ်အချိန်ယူနိုင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က အနုပညာရှင် တွေကို ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရုပ်ရှင်ဟာ စီမံကိန်း အကြီးကြီး ဖြစ်တာမို့ အများက စုပေါင်း ပါဝင် ကူညီ လုပ်ဆောင် ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း လိုက်သလို အနုပညာရှင်တွေ ကလည်း ကျရာအခန်း ကဏ္ဍကနေ ပါဝင် လုပ်ဆောင် သွားကြဖို့ ပဏာမ သဘောတူ ဆွေးနွေးခဲ့ ကြပါတယ်။