ရုရှားလွှတ်တော် ရွေးကောက်ပွဲနဲ့ ဝန်ကြီးချုပ်ပူတင်ရှေ့ရေး

  • 5 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ယူနိုက်တက်ရုရှားပါတီကို ထောက်ခံသူတွေ အောင်ပွဲခံခဲ့ကြပေမယ့် မဲ အရေအတွက်က နည်းသွား

ရုရှား ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် ရဲ့ ယူနိုက်တက် ရုရှားပါတီ ဟာ အခု ပြီးခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ ရတဲ့ မဲအရေအတွက် ထိုးကျသွားခဲ့ပါတယ်။

အခု မဲအရေအတွက် ၉၆ ရာခိုင်နှုန်းကို ရေတွက် ပြီးစီးသွားချိန်မှာ ပူတင်ရဲ့ ယူနိုက်တက် ရုရှား ပါတီရတဲ့ မဲအရေအတွက်ဟာ ၅၀ ရာခိုင်နှုန်း မပြည့်ပါဘူး။

ဒါဟာ ၂၀၀၇ ခုနှစ်တုန်းက ရခဲ့တဲ့ ၆၄ ရာခိုင်နှုန်းနဲ့ဆို တော်တော် ကွာခြားတာ တွေ့ရပါတယ်။

အခုလွှတ်တော်မဲ အရေအတွက်ဟာ လာမယ့် မတ်လမှာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် မစ္စတာ ပူတင်ကို ဘယ်လောက် လူထု ထောက်ခံမှု ရှိသလဲဆိုတာ ကြိုတင်သဘောထား ရယူသလိုလည်း ဖြစ်နေပါတယ်။

မဲပေးရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတာတွေ၊ မတော်မတရား သြဇာ သုံးတာတွေ ရှိတယ်လို့ ဥရောပ လေ့လာသူတွေက ဆိုကြပါတယ်။

ဥရောပ လေ့လာသူတွေ ပါဝင် ဖွဲ့စည်းထားတဲ့ အိုအက်စ် စီအီး ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဆိုတဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့က မဲရေတွက်ရာမှာ ပြဿနာ တော်တော် ဆိုးဆိုးဝါးဝါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီဘက် ပင်းတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ကြီးကြပ်သူတွေဟာ လွတ်လပ်တဲ့ ကြားလူတွေ မဟုတ်ကြဘူး၊ မီဒိယာအများစုကလည်း အကြီးအကျယ် ဘက်လိုက်ခဲ့ကြသလို အစိုးရ အာဏာပိုင်တွေကလည်း ဗဟိုကနေ အောက်ခြေ အဆင့်အထိ အဆင့်ဆင့်မှာ ဝင်ရောက် စွက်ဖက် မှုတွေ လုပ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

အတိုက်အခံ ပါတီတွေကလည်း ရွေးကောက်ပွဲ ဥပဒေတွေကို စောဒကတက် ဝေဖန်ခဲ့ကြပါတယ်။

ရုရှားရဲ့ တခုတည်းသော ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ဖြစ်တဲ့ ဂိုလိုစ် ကလည်း တိုင်စာ ၅၃၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဗလာဒီမီယာ ချူးရော့ဗ်က ရွေးကောက်ပွဲ နေရာ ၄၅၀ အနက် နေရာ ၂၃၈ နေရာကိုသာ ယူနိုက်တက် ရုရှားက အနိုင်ရခဲ့တာ ဖြစ်တဲ့ အတွက် မဲအနည်းငယ်နဲ့သာ အများစုနေရာကို ထိန်းထားနိုင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင် ကွန်မြူနစ်ပါတီဟောင်းက မဲနေရာ ၁၉ ဒသမ ၂ ရာနှုန်းနဲ့ ဒုတိယ လိုက်ပါတယ်။ တရားမျှတသော ရုရှားပါတီက ၁၃ ဒသမ ၂ ရာနှုန်းနဲ့ တတိယ လိုက်ပါတယ်။

မဲမသမာမှုတွေရှိကြောင်း တိုင်စာတွေ ထောင်ဂဏန်း များစွာ ရရှိတယ်လို့ ကွန်မြူနစ်ပါတီ လက်ထောက် ခေါင်းဆောင် အီဗန် မယ်လနီကော့ဗ် ကလည်း သူတို့ရဲ့ ပါတီ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

၂၀၀၀ ခုနှစ်မှာ နျူးကလီးယား ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့တဲ့ ကိစ္စကလွဲရင် အခုကိစ္စဟာ ဗလာဒီမီယာ ပူတင်အတွက် လူကြိုက်အနည်းဆုံး ဖြစ်ရပ်လို့ ဘီဘီစီ သတင်းထောက် ဒန်နီယယ် စတန်းဖို့ဒ် ကပြောပါတယ်။

သမ္မတရွေးကောက်ပွဲ မတိုင်မီ သုံးလအလိုမှာ အ ခုထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ မစ္စတာ ပူတင်အတွက် မျက်နှာပျက်စရာ ရလဒ်လို့ လည်း တခြား ဘီဘီစီ သတင်းထောက် တယောက် ဖြစ်တဲ့ စတိဗ် ရိုဇင်ဘတ်က ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းက ဆန္ဒပြခဲ့တဲ့ အတိုက်အခံတွေထဲက အယောက် ၁၀၀ ကျော်ကိုလည်း ရဲက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။