ယူရိုဇုန် နိုင်ငံတွေ Credit Rating လျော့ချ ခံရနိုင်လို့ S&P သတိပေး

  • 6 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အန်ဂလာ မာခဲလ်နဲ့ နီကိုလပ် ဆာကိုဇီ

ယူရိုဇုန်ရဲ့ ကြွေးမြီ ပြဿနာ လျော့ပါးစေဖို့ ကြိုးစားရာမှာ တင်းကျပ်တဲ့ ဘဏ္ဍာရေး ထိန်းချုပ်မှု အစီအစဉ်တွေ ချမှတ်ဖို့ ပြင်သစ် သမ္မတ နီကိုလပ် ဆာကိုဇီ နဲ့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်တို့ သဘောတူ ညီမှု ရခဲ့ပါတယ်။

ယူရို ငွေကြေးသုံး ၁ရ နိုင်ငံ အတွင်း ဘဏ္ဍာရေး သုံးစွဲမှု ဆိုင်ရာ ပေါ်လစီတွေနဲ့ အခွန် အကောက်တွေ အပေါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်မယ့် ယူရိုဇုန် အတွင်း အုပ်ချုပ်ရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ ခိုင်မာလာစေမယ့် ပြုပြင် ပြောင်းလဲရေး အစီအစဉ် တသီတတန်းကြီးကို မစ္စတာ ဆာကိုဇီနဲ့ မစ္စက် မာခဲလ်တို့ ပါရီမြို့မှာ တွေ့ဆုံပြီးနောက် ချမှတ်ခဲ့ကြပါတယ်။

အခု သီတင်းပတ်ကုန် ကျရင် ကျင်းပမယ့် ဥရောပ သမဂ္ဂ ညီလာခံမှာ ဒီအစီအစဉ် တွေကို ချပြမှာ ဖြစ်ပါတယ်။

အဲဒီ အထဲမှာ ယူရိုဇုန် ကြွေးမြီ ခေါင်ခိုက်နေတဲ့ ပြဿနာကို ဘယ်လိုနည်းနဲ့ အကြွေးကင်း သွားအောင် လုပ်မယ့် အစီအစဉ် တခုမှ မပါဘူးလို့ ဘီဘီစီ ဥရောပ ရေးရာ အယ်ဒီတာက ပြောပါတယ်။

တချိန်တည်းမှာ အမေရိကန်က အကြွေးစံနှုန်း သတ်မှတ်ရေး အေဂျင်စီ ဖြစ်တဲ့ Standard and Poor's က ယူရိုဇုန် တိုင်းပြည်တွေ အားလုံးနီးပါးရဲ့ အကြွေးယူနိုင်ခွင့် သတ်မှတ်ချက်ကို အနှုတ် လက္ခဏာ အနေအထားမှာ ထားလိုက်တာကြောင့် လာမယ့် လတွေ အတွင်း အဲဒီနိုင်ငံတွေရဲ့ အကြွေးယူ နိုင်ခွင့် အဆင့်လျှော့ချ သတ်မှတ် ခံရနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်

ပြီးခဲ့တဲ့ မိနစ်ပိုင်းလောက်ကတော့ ဒါကို တုန့်ပြန်တဲ့ အနေနဲ့ ပြင်သစ် သမ္မတ ဆာကိုဇီနဲ့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်တို့က ဒီသတိပေးချက်ကို မှတ်သား သွားကြပေမယ့် တင်းကျပ်တဲ့ ဘတ်ဂျက် ထိန်းချုပ်မှုတွေ လုပ်ဆောင်မယ့် သူတို့ရဲ့ အဆိုပြုချက် တွေက ယူရိုဇုန် အတွင်း ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖော်ဆောင်နိုင်လိမ့်မယ် ၊ ဒီနည်းနဲ့ဘဲ တည်ငြိမ်မှု ၊ စွမ်းဆောင်နိုင်အား နဲ့ တိုးတက်မှုတွေကို ကြီးထွားလာစေနိုင်မှာ ဖြစ်လို့ သူတို့ အမြင်ကိုသာ အဓိက အလေးထား ပြောသွားကြပါတယ်။

အဲဒီလို အနှုတ် လက္ခဏာ ဆောင်တဲ့ အခြေအနေမှာ ရှိတဲ့ နိုင်ငံ ၁၅ နိုင်ငံထဲမှာ ဂျာမဏီနဲ့ ပြင်သစ်တို့ ပါဝင်ပြီး ဒီနှစ်နိုင်ငံဟာ ယူရိုဇုန်ထဲမှာ စီးပွားရေး အင်အား အကြီးဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်း အတွင်း ယူရိုဇုန်ရဲ့ စီးပွားရေး အခြေအနေ အပေါ် ဖိအားပေးမှုတွေ တိုးလာ နေတာကြောင့် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ Standard and Poor's က ရှင်းပြခဲ့ပါတယ်။

ယူရိုဇုန် ၁ရ နိုင်ငံထဲက ခုနက ၁၅ နိုင်ငံထဲ မပါတဲ နှစ်နိုင်ငံကတော့ ပြန်ပြီး အဖတ်ဆယ်လို့ မရတဲ့ အခြေအနေ အဖြစ် သတ်မှတ် ခံရတဲ့ ဂရိစ်နဲ့ ဆိုက်ပရပ်စ် ကတော့ အနှုတ် လက္ခဆောင် တဲ့ အခြေအနေ အဖြစ် အရင်ကတည်းက သတ်မှတ် ခံထားရတာ ဖြစ်ပါတယ်။

အခုလိုသာ ဆက်ပြီး အဆင့်လျော့ချ သတ်မှတ် ခံခဲ့ရရင် ဒုက္ခရောက် နေတဲ့ နိုင်ငံတွေကို ကူညီဖို့ ယူရိုဇုန်ရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေမယ့် ငွေကြေး ထောက်ပံ့ရေး အစီအစဉ်တွေ ဟာလည်း ပျက်ဆီးသွားလိမ့်မယ်လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။