ပြည်ပတင်ပို့မှု ကျဆင်းလာမယ်လို့ တရုတ်ခန့်မှန်း

  • 7 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဥရောပနိုင်ငံတွေအတွက် တင်ပို့ကုန်တွေထဲမှာ တရုတ်ချုပ်ထည်တွေလည်း ပါဝင်

တရုတ်နိုင်ငံရဲ့ ထုတ်ကုန် တင်ပို့မှုနှုန်း နှေးကွေးသွားပြီး လာမယ့်နှစ်မှာ အခက် အခဲတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ရလိမ့် မယ်လို့ တရုတ် ကူးသန်း ရောင်းဝယ်ရေး ဌာနက ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

အရေးပါတဲ့ အနောက်အုပ်စုနိုင်ငံ စျေးကွက်မှာ စီးပွားရေး အခက်အခဲတွေ ဖြစ်ပေါ်နေတာ ကြောင့် တရုတ်နိုင်ငံရဲ့ ထုတ်ကုန် တင်ပို့မှုမှာ အကြီးအကျယ်စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတိပေး ပြောကြားလိုက်ပါတယ်။

စနေနေ့မှာ ထုတ်ပြန်ဖို့ ရှိတဲ့ ကိန်းဂဏန်းတွေအရ နိုဝင်ဘာလမှာ တရုတ်နိုင်ငံရဲ့ တင်ပို့မှုနှုန်း အကြီးအကျယ် ထိုးကျသွားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ထုတ်ကုန် ၄၀ ရာခိုင်နှုန်း တင်ပို့နေတဲ့ ဥရောပနဲ့ အမေရိကန် နိုင်ငံတွေမှာ လာမယ့် နှစ်မှာ ရောင်းအား ပြန်ကောင်းလာမယ့် ပုံမျိုးမရှိပါဘူး။

လွန်ခဲ့တဲ့ တနှစ်ကထက် စာရင် အောက်တိုဘာလမှာ ဥရောပ သမဂ္ဂ နိုင်ငံတွေဆီ တရုတ်ရဲ့ ကုန်တင်ပို့မှုဟာ ၉ရာခိုင်နှုန်း ကျဆင်းသွားပြီး အမေရိကန်နိုင်ငံဆီ တင်ပို့မှုက ၅ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်တင် အမေရိက နိုင်ငံတွေကနေ တရုတ်နိုင်ငံထွက်ကုန်တွေ မှာလိုအား များလာတာကြောင့် တရုတ်ရဲ့ စုစုပေါင်း ပြည်ပတင်ပို့မှုဟာ ၁၅ ဒဿမ ၉ ရာခိုင်နှုန်း တက်နေ ဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်းကို ကြည့်ရင်တော့ ၂နှစ်အတွင်းမှာ အားအနည်း ဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ တစ်လကနဲ့ နှိုင်းယှဉ်ရင် တင်ပို့မှုနှုန်း ရုတ်ချည်း ထိုးကျ သွားတာ တွေ့ရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ လုပ်ခငွေတွေ တိုးမြှင့်လိုက်တာဟာလည်း ကုန်သွယ် ပြိုင်ဆိုင်မှုတွေ ကို ထိခိုက်စေတဲ့ အကြောင်းရင်းတရပ် ဖြစ်တယ်လို့ တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ဒါပေမယ့် အခုလို အာရှနဲ့ လက်တင် အမေရိကနိုင်ငံတွေကို အားကိုးပြီး ထုတ်ကုန်တင်ပို့မယ့် တရုတ်ရဲ့ အစီအစဉ်အပေါ် အနှောင့်အတားတွေ ရှိလာနိုင်ပါတယ်။

လတ်တလော စာရင်းဇယားတွေအရ လက်တင် အမေရိက ဒေသရဲ့ အကြီးဆုံး နိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တန့်နေတယ်လို့ သိရပြီး အနောက်နိုင်ငံ သုံး ငွေကြေးတွေ အားနည်းခဲ့မှုကြောင့် သူတို့ရဲ့ တင်ပို့ကုန် ပြိုင်ဆိုင်မှုကို ထိခိုက်နေတယ်လို့ ဘရာဇီးလ်က ပြောနေတာပါ။

တခါ အိန္ဒိယနိုင်ငံမှာလည်း နိုင်ငံခြား ကုမ္ပဏီတွေကို အိန္ဒိယ စျေးကွက်ထဲဝင်ခွင့် ပေးဖို့ အစီအစဉ်တွေအပေါ် ဆန့်ကျင်မှုတွေ ရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာ နိုင်ငံခြား ကုန်ပဒေသာ ဆိုင်တွေ လာဖွင့်ခွင့်ပေးရေး အစီအစဉ်တွေကို နိုင်ငံရေးသမားတွေရဲ့ ကန့်ကွက်မှုတွေ၊ လူထု ဆန္ဒပြမှုတွေကြောင့် ဆိုင်းငံ့ထားလိုက် ရတာမျိုးတွေ ရှိနေပါတယ်။