မဲခေါင် ရေကာတာ စီမံကိန်း ဆိုင်းငံ့

  • 8 ဒီဇင်ဘာ 2011
Mekong
Image caption မဲခေါင်မြစ် ရေကာတာ ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး မှာကို စိုးရိမ် နေကြ တာပါ

လာအို နိုင်ငံမှာ မဲခေါင်မြစ် ရေကာတာ တည်ဆောက်ရေး စီမံကိန်း အပေါ် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားသူ တွေနဲ့ မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံတွေက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ ကြတဲ့ အတွက် စီမံကိန်းကို ဆိုင်းငံ့ ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီ စီမံကိန်း ကြောင့် မဲခေါင်မြစ် အပေါ် ထိခိုက်မှု ဘယ်လောက် ရှိနိုင် သလဲ ဆိုတာ နောက်ထပ် အနီးကပ် လေ့လာ သုံးသပ် နေစဉ်မှာ စီမံကိန်း ခေတ္တ ရပ်ဆိုင်း ထားမယ်လို့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံ တွေက ဝန်ကြီး တွေက သဘောတူ လိုက်ကြ တာပါ။

အထူးသဖြင့် ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် တို့က မဲခေါင် မြစ်ပေါ်မှာ လောနိုင်ငံက ပိတ်ပြီး ရေကာတာ ဆောက်လိုက်ရင် ငါး အရေတွက် ပြုန်းတီး ယုတ်လျော့မယ်၊ မြစ်အောက်မှာ နေထိုင်ကြတဲ့ လူသန်းပေါင်း များစွာရဲ့ အသက်မွေး ဝမ်းကြောင်း လုပ်ငန်း အများအပြား ကို ထိခိုက် မယ်လို့ ထောက်ပြ ပြောဆိုပြီး ကန့်ကွက် နေတာ ဖြစ်ပါတယ်။

လာအို နိုင်ငံဟာ အခု ရေကာတာ စီမံကိန်း ကနေ လျှပ်စစ် ဓါတ်အား ထုတ်လုပ် ပြီးရင် ထိုင်းနိုင်ငံ ကို ရောင်းဖို့ ရည်ရွယ် ထားတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း သူတို့ အနေနဲ့ ဒေါ်လာ သန်း ၃၅၀၀ ရင်းနှီး မြှုပ်နှံ ဆောက်လုပ်မယ့် ဒီ ရေကာတာ စီမံကိန်း ဆောက်လုပ် ရေးကို နောက်ဆုတ်ဖို့ ငြင်းဆန် ခဲ့တာ ဖြစ်ပါတယ်။

စာရာ ဘူရီ ရေအား လျှပ်စစ် စီမံကိန်းကို ထောက်ခံ သူတွေ ကတော့ ဒီ စီမံကိန်း ကြောင့် လာအို နိုင်ငံမှာ အလုပ်တွေ ဖန်တီး ပေးလာ နိုင်ပြီး ပြည်သူတွေ လိုအပ် နေတဲ့ ဝင်ငွေတွေ ရလာ လိမ့်မယ်လို့ ပြောနေ ပါတယ်။