ဆန္ဒပြအောင် အမေရိကန် လှုံ့ဆော်တယ်လို့ ရုရှားစွပ်စွဲ

  • 8 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ စကားလုံးတွေ သမ္မတပူတင် ပြောခဲ့

ရုရှားနိုင်ငံမှာ လတ်တလော ပါလီမန် ရွေးကောက်ပွဲတွေအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်အောင် အမေရိကန် အစိုးရက သွေးထိုးလှုံ့ဆော်ခဲ့တယ် ဆိုပြီး ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန် ရဲ့ ပါလီမန် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ ဝေဖန် ပြောဆိုချက်တွေက ရုရှားအစိုးရကို ဆန့်ကျင်နေသူတွေ အုံကြွ ဆန္ဒပြလာအောင် အားပေး အချက်ပြလိုက်သလိုပဲလို့ ရုရှား ဝန်ကြီးချုပ် ပူတင် က ပြောသွားပါတယ်။

အိမ်နီးချင်း ယူကရိန်းနဲ့ ကာကစ္စတန် နိုင်ငံတွေမှာ ဖြစ်ခဲ့သလို နိုင်ငံရေး မငြိမ်မသက်မှုမျိုး ရုရှားနိုင်ငံမှာ ဖြစ်လာတာကို ရုရှား ပြည်သူအများစုက မလိုလားဘူးလို့ မစ္စတာ ပူတင်က ပြောပါတယ်။

တိုင်းပြည် ကမောက်ကမ ဖြစ်သွားမှာကို ဘယ်သူကမှ မလိုလားဘူးလို့လည်း ဆိုပါတယ်။

သူ့ United Russia ပါတီ အနိုင်ရကြောင်း အတိအလင်း ထုတ်ဖေါ် ပြောဆိုချက်အပေါ် ကန့်ကွက်တယ်ဆိုပြီး ဆန့်ကျင် ဆန္ဒပြနေသူတချို့ဟာ ကိုယ်ကျိုး နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်နေတာ ဖြစ်တယ်လို့လည်း မစ္စတာ ပူတင်က ပြောပါတယ်။

သမ္မတ ဒီမစ်ထရီ မက်ဗီဒက်ဗ် ကတော့ ရွေးကောက်ပွဲတွေမှာ စည်းမျဉ်း မညီမှုတွေ ရှိကောင်း ရှိနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အခုဆန္ဒပြမှုတွေဟာ ဒီမိုကရေစီ အရိပ်လက္ခဏာ လို့ ဆိုနိုင်ပေမယ့် ဥပဒေနဲ့ အညီ ဆန္ဒပြ သင့်တယ်လို့ သမ္မတ မက်ဗီဒက်ဗ်က ပြောပါတယ်။