EU ဘဏ္ဍာရေး သဘောတူညီချက် ယူကေ ကျန်နေခဲ့

  • 10 ဒီဇင်ဘာ 2011
eu ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီးယူ ဘတ်ဂျက် သဘောတူညီချက် လက်ခံနိုင်စရာ မရှိလို့ ကင်မရွန်းပြော

အီးယူရဲ့ ဘတ်ဂျက် ဆိုင်ရာ သဘောတူ ညီချက်ကို ယူကေ နိုင်ငံ မပါဘဲ ရရှိခဲ့ပြီလို့ ဥရောပ သမဂ္ဂက ကြေညာခဲ့ပါတယ်။

အီးယူ ၂၇ နိုင်ငံမှာ တနိုင်ငံထဲ ကွက်ပြီး ဗီတို သုံးခဲ့တဲ့ ဒေးဗစ် ကင်မရွန်ရဲ့ ဆုံးဖြတ်ချက်ဟာ မိုက်မဲရာ ရောက်သလား၊ သတ္တိရှိတဲ့ ဆုံးဖြတ် ချက်ပဲလား ဆိုတာ နောင်တော့ သိရမှာပါ။

ခုသဘော တူညီချက်မှာ အဓိကပါတဲ့အချက် တွေကတော့ အီးယူ နိုင်ငံ အစိုးရတွေရဲ့ ဘတ်ဂျက်ကို စည်းကမ်း တကျ ရေးဆွဲဖို့ ရည်ရွယ် ထားပါတယ်။

ပထမ တချက် အနေနဲ့ အစိုးရတွေရဲ့ ပိုက်ဆံ ချေးမှုကို အတိုင်းအတာ တခုမှာ ကန့်သတ် ထားမှာ ဖြစ်ပါတယ်။

ဥပမာ ပုံမှန် စီးပွားရေး အခြေအနေမှာ အစိုးရတွေ အနေနဲ့ ကိုယ့်နိုင်ငံ ဂျီဒီပီရဲ့ သုည ဒဿမ ငါးရာခိုင်နှုန်းထက် ကျော်ပြီး ချေးခွင့် မရှိပါဘူး။ ဒီအချက်ကို သက်ဆိုင်ရာ နိုင်ငံတွေက ဥပဒေ ပြဌာန်းရမယ်၊ ဒါမှမဟုတ် သူတို့ရဲ့ ဖွဲ့စည်းပုံထဲ ထည့်ရပါလိမ့်မယ်။

စည်းကမ်း ဖောက်တဲ့ နိုင်ငံကို အရေးယူတာတွေ လုပ်မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို ရှေ့နှစ် မတ်လ လောက်မှာ စ အကောင်အထည် ဖော်ဖို့ရည်ရွယ် ထားပါတယ်။

ဒါပေမယ့် ခုယူကေက ဗီတို သုံးလိုက်တဲ့ အတွက် ဒီသဘောတူညီချက်ကို အီးယူရဲ့ သဘောတူ စာချုပ်ထဲမှာ ထပ်မံ ဖြည့်စွက်ချက် အနေနဲ့ ထည့်သွင်းလို့ မရတော့ပါဘူး။

ဒါ့ကြောင့် ဥပဒေကြောင်းအရ နည်းနည်း လက်ဝင်မယ့်၊ အလုပ်နည်းနည်း ရှုပ်မယ့် သဘောတော့ ရှိပါတယ်။

နောက်တခါ ဒီ သဘောတူညီချက်ကို နိုင်ငံတိုင်းက သဘောတူထားတယ် ဆိုပေမယ့် သူတို့ နိုင်ငံတွေက ပါလီမန်တွေမှာ ပြန်တင်ရဦးမှာပါ။

ဒီတော့ ဘယ်တော့ စအကောင် အထည် ပေါ်မလဲဆိုတာ ယတိပြတ်ကြီးတော့ ပြောလို့ မရသေးကြောင်း ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။