အိန္ဒိယဆေးရုံတခု မီးလောင်မှု လူ ၉၀ နီးပါး သေဆုံး

  • 9 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဆေးရုံဝင်လမ်းတွေကျဉ်းတဲ့အတွက် မီးသတ် ကား ရောက်တာ နောက်ကျ

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဆေးရုံတခု မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် လူ ၉၀ နီးပါး သေဆုံးသွားခဲ့ရပါတယ်။ သေဆုံး သွားခဲ့သူ အများစုဟာ ဆေးရုံ အပေါ်ထပ် ပိုင်း မီးတောက်တွေ မီးခိုးတွေကြားမှာ ပိတ်မိနေခဲ့ကြတဲ့ လူနာတွေဖြစ်မယ်လို့ ယူဆရပါတယ်။

ဆေးရုံ မြေအောက်ခန်းကို မီးကူးရာကနေ လေအေးပေးတဲ့ ပိုက်တွေ တလျှောက် မီးခိုး တွေဟာ အပေါ် ၄ ထပ်အထိ ပျံ့တက် သွားတာ ဖြစ်တယ်လို့ ပြည်နယ်အရေးပေါ်ဌာန ဝန်ကြီး ဂျာဗိ အာမတ်ခန်းက ပြောပါတယ်။

တချို့ပိတ်မိနေသူတွေဟာ လက်ကိုင်ဖုန်းနဲ့ ဖုန်းခေါ်ပြီး အရေးပေါ် အကူအညီတောင်းခံ ခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဆေးရုံအနီးကလမ်းတွေ ကျဉ်းတဲ့အတွက် မီးသတ်ကားတွေဟာလည်း ဆေးရုံရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစား မောင်းဝင်ခဲ့ကြရတာပါ။

မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံဝန်ထမ်းတွေဟာ လူနာတွေကို ထားခဲ့ပြီး အဆောက်အဦးကနေ ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ အိန္ဒိယအရာရှိတွေက စွပ်စွဲ ပြောကြားပါတယ်။

အခုသေဆုံးခဲ့ရတာတွေဟာ မေ့ပျောက်လို့ မရနိုင်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ အနောက် ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ်က ဖေါ်ပြပြောဆိုပါတယ်။

ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး၊ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝလုပ်မယ်လို့ လည်း သူက ကတိပေးပါတယ်။