ယူရိုဇုန်ကြွေးမြီကိစ္စ ဗြိတိန်သဘောမတူ

  • 9 ဒီဇင်ဘာ 2011
ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန် ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်

ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အဆင့်မြင့် အရာရှိတွေဟာ ဥရောပသမဂ္ဂအတွင်း ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် လုပ်ဆောင်မယ့် အစီအမံတွေအပေါ် မနေ့ညက တညလုံးနီးပါး ဆွေးနွေး ခဲ့ကြပေမယ့် အားလုံး သဘောတူတဲ့ အဆင့်ထိတော့ မရောက်ခဲ့ပါဘူး။

ဘဏ္ဍာရေးအစီအမံတွေထဲမှာတော့ ဥရောပ ယူရိုဇုန်အတွင်းက ငွေကြေးဆိုင်ရာ အစီအမံသစ်တွေ ပါဝင်ပါတယ်။ အစီအမံတွေအောက်မှာ ဥရောပအတွင်း သုံးစွဲတဲ့ ငွေကြေးတွေကို တင်းတင်းကျပ်ကျပ် ထိမ်းချုပ်မှာ ဖြစ်ပြီး တကယ်လို့ စည်းမျဉ်းကို ဖောက်ဖျက်ရင် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ဒီအစီအမံကို အားလုံးသဘောတူကြဖို့ နိုင်ငံအများစုက လိုအလားနေပေမယ့် တကယ်လို့ သဘောမတူခဲ့ရင် မတူတဲ့ နိုင်ငံတွေအနေနဲ့ ကိုယ့်အစီအမံနဲ့ကိုယ် သီးခြား ဖြေရှင်းရမယ့် သဘော ဖြစ်နေပါတယ်။

ဘဏ္ဍာရေးအစီအမံတွေအပေါ် ယူရိုဇုန်အတွင်းက ၁၇ နိုင်ငံလောက်က သဘောတူခဲ့ကြပါတယ်။ သဘောမတူတဲ့ အထဲမှာ ကနဦးတုန်းက ဟန်ဂေရီနဲ့ ဗြိတိန်တို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဟန်ဂေရီက မူအားဖြင့် သဘောတူတယ်လို့ ပြောပါတယ်။ တခါ ဆွီဒင်နဲ့ ချက်သမ္မတနိုင်ငံတို့ကလည်း ချက်ချင်း သဘောမတူနိုင်သေးပဲ သူတို့ရဲ့ ပါလီမန်တွေက ဆုံးဖြတ်ပြီးမှသာ ပြောနိုင်မယ်လို့ ဆိုပါတယ်။

လောလောဆယ် ဥရောပအတွင်း ဘဏ္ဍာရေးပြဿနာတွေကို လမ်းကြောင်းနှစ်ခုနဲ့ အပြိုင်သွားရမယ့် အနေအထားဖြစ်နေပါတယ်။ပြဿနာအများအပြားဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေ မရှိတာကြောင့် ဖြစ်တဲ့အတွက် ယူကေက သီးခြား နေရစ်ခဲ့မယ်ဆိုတာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတဆာကိုဇီက ပြောပါတယ်။

ဒါကြောင့် ဗြိတိန်ဟာ လက်ရှိ ဥရောပသမဂ္ဂအတွင်းမှာ အထီးကျန်ဖြစ်သွားမလားဆိုပြီး ဗြိတိန်အတွင်းက နိုင်ငံရေးသမားတွေအတွင်းမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အများစုက ဝန်ကြီးချုပ်ရဲ့ ဗီတိုရဲ့ ပယ်ချခဲ့မှုအပေါ် ကြိုဆိုကြပေမယ့် အီးယူနဲ့ ပြန်လည်ညှိနှိုင်းဖို့ကိုတော့ အစိုးရကို တိုက်တွန်းနေကြပါတယ်။