ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ ရုရှား သမ္မတကို အကြံပြု

  • 10 ဒီဇင်ဘာ 2011
Image caption ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ ရုရှား သမ္မတကို အကြံပြု

ရုရှားမှာ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲမှာ ကျယ်ကျယ် ပြန့်ပြန့် မဲလိမ်မှုတွေ ရှိခဲ့တယ် ဆိုတာ အတည်ပြုနိုင်ရင် ၊ ရလဒ်မှန်တွေ ထုတ်ပြန်လို့ မရနိုင်ခဲ့ရင် ရွေးကောက်ပွဲကို ပြန်ကျင်းပသင့်တယ်လို့ သမ္မတ Dmitry Medvedev ဒီမစ်ထရီ မက်ဗီရေးဒက်ဗ်ကို ရုရှား လူ့အခွင့်အရေး ကောင်စီ ဥက္ကဌက အကြံပြု ထားပါတယ်။

ရွေးကောက်ပွဲ ပြန်ကျင်းပ ရအောင် အမိန့်ပေးဖို့ အာဏာမရှိတဲ့ ဒီ လူ့အခွင့်အရေး ကောင်စီက မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ အပေါ် အလွန်အမင်း စိတ်ပူပြီး ရွေးကောက်ပွဲ စည်းမျဉ်း ချိုးဖောက်သူကို ဥပဒေကြောင်း အရ တရားစီရင် သင့်တယ်လို့ ဆိုပါတယ်။

ဒီနေ့ စနေနေ့မှာ ထောင်သောင်းချီတဲ့ လူတွေဟာ ရုရှားနိုင်ငံ တလွှားက မြို့တွေမှာ အဖြူရောင် ဖဲကြိုးတွေ ဆင်ယင်ပြီး ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး ဆန္ဒပြမှုတွေ လုပ်ဆောင် လိမ့်မယ်လို့ ဆိုပါတယ်။