မဲ မသမာမှု စုံစမ်းမယ်လို့ ရုရှ သမ္မတ ပြော

  • 12 ဒီဇင်ဘာ 2011
medvedev ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှား သမ္မတ က မဲ မသမာ မှု ရှိမရှိ စစ်ဆေးမယ် လို့ ဆို

ရုရှား သမ္မတ ဒီမီထရီ မက်ဗြဲဒက်ဖ် က ပြီးခဲ့တဲ့ သတင်းပတ်က ပြုလုပ် ခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ မှာ မဲ မသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ အမိန့်ထုတ် ပြန်လိုက် ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေနေ့ က ဒူးမား လွှတ်တော် ရွေးကောက်ပွဲ မှာ မဲမသမာမှု တွေ ရှိတယ် လို့ ဆိုနေကြတဲ့ အပေါ် ဒီလို မဲမသမာမှု တွေ တကယ် ဖြစ်ခဲ့ သလား စုံစမ်းစစ်ဆေးမှု တွေ လုပ်သွားမယ် လို့ ပြော ပါတယ်။

အဲဒီ လွှတ်တော်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ပူတင် ဦးဆောင်တဲ့ လက်ရှိ အာဏာရပါတီ ကပဲ အနိုင်ရရှိတယ် ဆိုတဲ့အဖြေ ကို ထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ ရုရှသမ္မတ က စစ်ဆေးမယ် လို့ ပြောပါတယ်။

ဒီလို သူ ပြောလိုက်တာ ကလည်း ရုံးလုပ်ထုံးလုပ်နည်း တွေ အတိုင်း ကရင်မလင် က သဘောထား ကြေညာချက် ထုတ်ပြန်ပြီး ပြောတာတော့ မဟုတ်ပါဘူး။

အင်မတန် သိရခက်တဲ့ ရှုပ်ရှုပ်ထွေးထွေး ရုရှ နိုင်ငံရေး လိုပဲ သမ္မတ မက်ဗြဲဒက်ဖ် က ဒီအကြောင်း ကို သူ့ ဖေ့ဘွတ်စာမျက်နှာ ပေါ်မှာ သူ့ ကို မေးထား ကြသူတွေကို ဖြေထားတဲ့ သဘောပါ။

မဲရုံတွေ ကို ရွေးကောက်ပွဲ ဥပဒေတွေ သေချာစွာ လိုက်နာ ခဲ့သလား ဆိုတဲ့ အပေါ် ပြန် စစ်ဆေး မယ် လို့ သူ က ဖြေထား ပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးမှု တွေ ကို ဘယ်လို လုပ်သွားမလဲ ဆို တာ တိတိကျကျ မဖော်ပြ ထားပါဘူး။

ပြီးခဲ့တဲ့ စနေနေ့ က လူတွေ သောင်းနဲ့ ချီပြီး ဒီ မဲရလာဒ် အပေါ် ရုရှ နိုင်ငံ ကမြို့ကြီး တွေမှာ ထွက်ပြီး ဆန္ဒပြ ကန့်ကွက် ခဲ့ကြပြီးတဲ့ နောက် သမ္မတ ရဲ့ အခုလို တုန့်ပြန်ချက် ထွက်လာ တာလည်း ဖြစ် ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေ တောင်းဆိုနေတာ က လွှတ်တော်ရွေးကောက်ပွဲ ကို ပြန် ကျင်းပ ပေးဖို့ ပါ။

ဒီတောင်းဆိုချက် နဲ့ ပတ်သက်ပြီး သူ က ဘာမှ မတုန့်ပြန် ခဲ့ ပါဘူး။

အခု သမ္မတ မက်ဗြဲဒက်ဖ် ရဲ့ ဖေ့ဘွတ် က ဖြေကြားချက် အပေါ်မှာ တော့ မကျေမနပ် ဒေါသ ထွက် နေကြ တဲ့ သူတွေ က ထောင်နဲချီတဲ့ မှတ်ချက် တွေ ရေးနေကြပြီး သမ္မတ ကို သူတို့ မယုံဘူး လို့ ဆိုနေကြ ပါတယ်။