ဆီးရီးယားမှာ ရွေးကောက်ပွဲတွေ လုပ်

  • 12 ဒီဇင်ဘာ 2011
Syria elections ဓာတ်ပုံ မူပိုင် none
Image caption မဲလာပေးသူ အရေအတွက်နဲ မယ်လို့ ခန့်မှန်းထား

ဆီးရီးယားနိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ရှိ နေစဉ်မှာပဲ ဒေသန္တရ ရွေးကောက်ပွဲ တွေ ကျင်းပ နေပါတယ်။

ဒီရွေးကောက်ပွဲတွေဟာ အရင်နှစ်တွေ ကထက်တောင် ပိုလွတ်လပ် တရားမျှတ မယ်လို့ ဆီးရီးယား အစိုးရက ပြောနေပေမယ့် အတိုက်အခံ တွေကတော့ ဒီရွေးကောက်ပွဲ တွေကို သပိတ်မှောက်ပြီး အထွေထွေ ဆန္ဒပြပွဲကြီး တခုလုပ်ဖို့ ဆော်သြ ထားပါတယ်။

ဆီးရီးယား အစိုးရကတော့ ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ ဆောင်ရွက်လိုက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံတဝန်း ဒေသန္တရ ကောင်စီဝင် အမတ်နေရာ တသောင်း ၇ထောင် ကျော်အတွက် အမတ်လောင်း ၄သောင်း ၃ထောင်လောက် ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံတွေက နိုင်ငံအဝန်း ဆန္ဒပြကြဖို့ နှိုးဆော်

ဒါပေမယ့် အတိုက်အခံတွေကို ထောက်ခံအားပေး တာကြောင့်ရယ်၊ မဲသွားပေးဖို့ အန္တရာယ် များလွန်းတာ ကြောင့်ရယ်တွေကြောင့် မဲလာပေးမယ့်သူ အရေအတွက် နည်းလိမ့်မယ်လို့ တွက်ဆရပါတယ်။

လောလောဆယ်မှာ ဆီးရီးယားနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Homs မြို့မှာ အစိုးရတပ်တွေနဲ့ လက်နက် အနည်းအပါး ကိုင်ဆောင်ထားတဲ့ အတိုက်အခံတပ်တွေ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ နေ့စဉ် လိုလို ဖြစ်ပွားနေပြီး စစ်မြေပြင်တခုလို ဖြစ်နေပါတယ်။

တခါနိုင်ငံတောင်ပိုင်း Busra al Harir မြို့မှာတနင်္ဂနွေနေ့ မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုဆိုရင် နှစ်ဘက်အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ်လို့ ပြောနေကြပြီး သံချပ်ကာကား အတော်များများ ပျက်စီးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆီးရီးယား နိုင်ငံပြဿနာကို သံတမန်ရေးနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေမှုဟာလည်း အခုအခါ တုံ့ဆိုင်းနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လက အာရပ်နိုင်ငံများ အဖွဲ့ချုပ် အဆိုပြုခဲ့တဲ့ ပဏာမ ငြိမ်းချမ်းရေး သဘောတူချက်တခုကို ဆီးရီးယား အစိုးရ ဘက်က ကန့်သတ်ချက်တွေနဲ့ လက်မှတ် ရေးထိုး သဘောတူမယ် ဆိုပြီး အခုနောက်ဆုံး ကမ်းလှမ်းလာတာနဲ့ ပတ်သက်လို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်က လာမယ့် စနေနေ့ မှာမှ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။