ဆီးရီးယားမှာ သေဆုံးတာ ဆန္ဒပြသူ ၅ဝဝဝ ကျော်ပြီ

  • 13 ဒီဇင်ဘာ 2011
Image caption လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး Navi Pillay

ဆီးရီးယားမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ရဲ့ နှိမ်နင်းမှုကြောင့် လူငါးထောင်ကျော် သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း UN လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ Navi Pillay နာဗီပီလေးက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ မစ္စပီလေးက ကြားသိရတာ တွေက တုန်လှုပ်စရာပါ ၊ ဆီးရီးယား အရေးမှာ သေဆုံးရသူ ၂ဝဝဝ ကျော်ပြီလို့ သြဂုတ်လ ၁ဂ ရက်တုန်းက လုံခြုံရေး ကောင်စီကို ကျမ တင်ပြခဲ့တာပါ ၊ ဒီနေ့ ရထားတဲ့ သေဆုံးသူ အရေအတွက် စာရင်းဟာ ၅ဝဝဝ ရှိသွားပါပြီ ၊ အဲဒီ အထဲမှာ ခလေးတွေ အယောက် ၃ဝဝ ပါပါတယ်လို့ ဆိုပါတယ်။

သူမရဲ့ မှန်းဆချက်အရ ဆန္ဒပြမှုတွေ စဖြစ်ခဲ့တဲ့ မတ်လကတည်းက ဆိုရင် ဆီးရီးယား ပြည်သူ တသောင်း လေးထောင်လောက် ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး တသောင်း နှစ်ထောင်ကျော်လောက် အိမ်နီးချင်း နိုင်ငံတွေထဲ ထွက်ပြေး ခိုလှုံခဲ့ကြတယ်လို့ မစ္စ ပီလေးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်း ပြောသွား ခဲ့ပါတယ်။

အဲဒီ သေဆုံးသူ အရေအတွက်ထဲမှာ အစိုးရ ဘက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့ အရေအတွက် မပါဘူးလို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရ ကတော့ သေဆုံးခဲ့တဲ့ ရဲနဲ့ စစ်သား တထောင်ကျော်လောက် ရှိပြီလို့ ပြောပါတယ်။