ပိုခိုင်မာတဲ့ အီးယူ ဖြစ်လာဖို့ မာကဲပြော

  • 15 ဒီဇင်ဘာ 2011
EU ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂျာမန်နဲ့ ပြင်သစ် ဝန်ကြီးချုပ်တို့က အီးယူ ပြုပြင် ပြောင်းလဲမှုတွေကို အဓိက လုပ်ဆောင် နေ

ယူရိုဇုန် နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ပေါ်လစီကို တစုတစည်းထဲ တသားထဲ ဖြစ်သွားစေဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ အရေးကြီးပုံ ကို အစွမ်းကုန် ပြောခဲ့ပြီးပြီလို့ ဂျာမနီဝန် ကြီးချုပ် အင်ဂလာ မာကဲက ပြောလိုက်ပါ တယ်။

ဒီဘုံဘဏ္ဍာရေး ပေါ်လစီ တခု ပေါ်ထွက်လာဖို့ နှစ်နဲ့ချီ ကြာနိုင်ပြီး ခရီးလမ်း တလျှောက်မှာ ဆုတ်ယုတ်မှုတွေ ကြုံတွေ့ ရနိုင်ကြောင်း၊ ဒါ ပေမယ့် နောက်ဆုံးမှာ ခုထက် ခိုင်မာအား ကောင်းတဲ့ ဥရောပ သမဂ္ဂ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့ မစ္စက်မာကဲက ဂျာမန်လွှတ်တော် မှာ ပြောသွားပါတယ်။

အီးယူရဲ့ အစီအစဉ်သစ်မှာ ယူကေ နိုင်ငံ မပါတဲ့ အတွက် စိတ်မကောင်းကြောင်း တဘက်မှာ ဗြိတိန်ဟာ ဥရောပ သမဂ္ဂထဲမှာ အရေးပါတဲ့ နိုင်ငံ အဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်းပြော ပါတယ်။

အီးယူရဲ့ ဘဏ္ဍာရေး ဆိုင်ရာ ပေါ်လစီသစ်ကို ယူကေက ကန့်ကွက်ခဲ့တုန်းက ဥရောပ တတိုက်လုံးက ဗြိတိန်ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန် ခဲ့ကြပါတယ်။

ဒါပေမယ့် တရက်ထဲမှာ ယူရိုငွေ တန်ဖိုးဟာ ဒေါ်လာနဲ့ လဲနှုန်းမှာ တနှစ် အတွင်း အနိမ့်ဆုံး အမှတ်ကို မနေ့က ကျဆင်းခဲ့ပြီး တယူရိုဟာ တဒေါ်လာ ဆင့်သုံးဆယ် အောက်မှာပဲ အ ရောင်းအဝယ် ဖြစ်နေတာ တွေ့ရပါတယ်။

ဥရောပ တလွှားက အစုရှယ်ယာ ညွှန်းကိန်းတွေလည်း ကျဆင်းခဲ့ပြီး ဒါကို ကြည့်ရင် ပြီးခဲ့တဲ့ အပတ် အီးယူ ထိပ်သီး စည်းဝေးပွဲက ဆုံးဖြတ်ချက်တွေကို စျေးကွက်က အယုံအကြည် မရှိ တာကို ပြနေတယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။

အီးယူရဲ့ ဆုံးဖြတ်ချက်ဟာ အနှစ်သာရ ကင်းမဲ့ပြီး အသေးစိတ် ဘာမှ မပါဘူးလို့ ရင်းနှီး မြှတ်နှံသူတွေက ယုံကြည်နေပုံရကြောင်း ဘီဘီစီ သတင်းထောက်က မှတ်ချက် ပေးပါတယ်။

ဒါ့အပြင် အီးယူထဲက အစိုးရတွေဟာ သူတို့ ကတိ ပေးခဲ့သလို လုပ်နိုင်စွမ်း ရှိမရှိကိုလည်း ရင်းနှီး မြှတ်နှံသူတွေက သံသယ ရှိနေတယ်လို့ ဆိုပါတယ်။