ဆီးရီးယားစစ်အရာရှိကြီးတွေ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးလို့ဆို

  • 15 ဒီဇင်ဘာ 2011
Syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ စစ်တပ် အရာရှိကြီးတွေက အမိန့်ပေးခဲ့တယ်လို့ ဆို

ဆီးရီးယား စစ်တပ်က အရာရှိကြီးတွေဟာ ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ တိုက်ရိုက်အမိန့်ပေး ညွှန်ကြားခဲ့တဲ့ အတွက် သူတို့ဟာ လူအမြောက်အများကို သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့ရာ ရောက်တယ်လို့ အမေရိကန် အခြေစိုက် Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။

ဆီးရီးယားစစ်တပ်က စွန့်ခွာ ထွက်ပြေးလာတဲ့ တပ်သား ၆၀ ကျော်ရဲ့ အစစ်ခံချက်တွေကို မူတည်ပြီး စစ်ဖက်နဲ့ အရပ်ဖက် အရာရှိကြီး ၇၄ ယောက်ရဲ့ အမည်ကိုလဲ Human Rights Watch က ထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့ရုံမက ဖမ်းမိသူတွေကိုလဲ ရက်ရက်စက်စက် နှိပ်စက်ဖို့ ညွှန်ကြားခဲ့တဲ့ အတွက် ဖမ်းထားစဉ်မှာ သေဆုံးသူတွေလဲ အများကြီး ရှိတယ်လို့ Human Rights Watch ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီလို ရက်စက်မှု ကျူးလွန်ဖို့ အမိန့်ပေးမှုတွေဟာ သမ္မတ အာဆတ်အထိ တာဝန်ရှိတယ်လို့လဲ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က အမေရိကန် ရုပ်သံတခုနဲ့ အင်တာဗျူးမှာတော့ သမ္မတ အာဆတ်က ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့၊ ရက်ရက်စက်စက် နှိမ်နင်းဖို့ အမိန့်ပေးမထားဘူးလို့ ပြောသွားပါတယ်။