ဖူကူရှီးမားဓာတ်အားပေးစက်ရုံ အခြေအနေ တည်ငြိမ်ပြီ

  • 16 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဓာတ်ပေါင်းဖိုတွေ အားလုံးကို အပူချိန်လျှော့ချ ပြီး ရပ်နားထား လိုက်နိုင်ပြီ

ဂျပန်နိုင်ငံမှာ ပြီးခဲတဲ့ ၉ လက ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် အဆိုးဝါး ဆုံးသော နျူကလီးယား အန္တရာယ် ကျရောက် ခဲ့ရာကနေ အခုတော့ အခြေအနေ တွေ တည်ငြိမ်သွားပြီ ဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ်က ပြောကြားပါတယ်။

ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံကို ပြန်လည်ပြုပြင်ခဲ့ရာ နောက်ဆုံးမှာတော့ ပုံမှန် အနေအထားမျိုး ရောက်ရှိသွားပါပြီ။

ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားရာမှာ၊ ထိခိုက်ပျက်စီးမှု တွေ ရှိခဲ့တဲ့ ဓာတ်ပေါင်းဖိုတွေ အားလုံးကို အပူချိန်လျှော့ချပြီး ရပ်နားထားလိုက် နိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆင့် ၂ လုပ်ဆောင်မှုတွေကတော့ ပြီးဆုံးသွားပြီဖြစ်ပေမယ့်၊ နျူကလီးယား ထိခိုက်မှုနဲ့ ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းနေရတဲ့ လုပ်ငန်းတွေကတော့ မပြီးသေးကြောင်း လည်း သူက ပြောကြားသွားပါတယ်။

အခုလို လုပ်ငန်းတွေ မပြီးမြောက်သေးပေမယ့် ဓာတ်ရောင်ခြည်သင့်နေတဲ့ ပစ္စည်းတွေ နောက်ထပ် ယိုဖိတ်မှုကတော့ မရှိတော့ကြောင်း သူကပြောပါတယ်။

ဓါတ်ပေါင်းဖိုတွေကို ဖျက်သိမ်းပစ်ဖို့ အတွက်ကတော့ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ယူရမှာ ဖြစ်ပါတယ်။