ဗြိတိန်ကို အရင် အဆင့်လျော့ သတ်မှတ်သင့်တယ်လို့ ပြောပြီ

  • 16 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ်က နာမယ်ကြီး ဘဏ်တွေ

နိုင်ငံတကာက အကြွေးယူနိုင်ခွင့် စံနှုန်းသတ်မှတ်ရေး ကုမ္ပဏီတွေရဲ့ ပြောဆိုချက် တွေဟာ စီးပွားရေးထက် နိုင်ငံရေး အတွက် ရည်ရွယ် ပြောကြားကြတာ ဖြစ်ကြောင်း ပြင်သစ် ဗဟိုဘဏ် ဥက္ကဌ Christian Noyer က တုန့်ပြန်ခဲ့ပါတယ်။

အကြွေးယူနိုင်ခွင့် စံနှုန်း သတ်မှတ်ရေး ကုမ္ပဏီတခုက ပြင်သစ်ကို အဆင့်လျော့ချ သတ်မှတ် ခံရလိမ့်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာဟာ လုံးဝ တရားမျှတမှု မရှိဘူးလို့ မစ္စတာ နိုရာက ပြောပါတယ်။

စီးပွားရေး အခြေခံ အချက်အလက်တွေကို ကြည့်မယ် ဆိုရင် ဗြိတိန်ဟာ ဘတ်ဂျတ် လိုငွေပြမှုနဲ့ ငွေဖောင်းပွမှုနှုန်း ပိုများပြီး ပြင်သစ်လိုဘဲ အကြွေးပမာဏ ဆတူ ရှိသလို စီးပွားတိုးတက်မှုနှုန်း ဟာလည်း နှေးကွေးတာကြောင့် ဗြိတိန်ကိုသာ အရင် အဆင့်လျော့ချ သတ်မှတ်သင့်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျင်းပခဲ့တဲ့ ဥရောပ သမဂ္ဂ ညီလာခံရဲ့ သဘောတူညီချက်က ငွေကြေးစျေးကွက် တည်ငြိမ်အောင် လုပ်ဆောင်နိုင်မှု သိတ်မရှိဘူး ဆိုတဲ့ အပေါ် စိတ်လှုပ်ရှား တုန့်ပြန်ခဲ့တာကို ဒီပြောကြားချက်က ပြနေတယ်လို့ ဘရပ်စ်ဆဲလ်စ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီးယူ စာချုပ်ပြင်ဖို့ ပယ်ချတဲ့ ဗြိတိန် ဝန်ကြီးချုပ်

တဆက်တည်း ဆိုသလို ယူရိုဇုန် နိုင်ငံတွေကြား ဘဏ္ဍာရေးဆိုင်ရာ အစီအမံတွေနဲ့ ပတ်သက်ပြီး ချုပ်ဆိုမယ့် ဥရောပ နိုင်ငံတွေရဲ့ သဘောတူညီချက် စာချုပ်သစ် ဆိုင်ရာ ဆွေးနွေးပွဲတွေကို ဗြိတိန်က အရာရှိတွေ ပါဝင် တက်ရောက်ခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျင်းပခဲ့တဲ့ ဥရောပ သမဂ္ဂ ညီလာခံမှာ အီးယူ စာချုပ်ပါ အချက်အလက်တွေကို ပြောင်းဖို့ အစီအစဉ်ကို ဗြိတိန် ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်က ဗီတိုသုံး ပယ်ချခဲ့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဗြိတိန် ကိုယ်စားလှယ်တွေ ဖိတ်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။

ပြောင်းလဲမယ့် စည်းမျဉ်းစည်းကမ်းတွေက ဗြိတိန် ဘဏ္ဍာရေး လုပ်ငန်းအတွက် လုံခြုံမှု မရှိတဲ့ အတွက်ကြောင့် အခုလို ဗီတိုသုံးပယ်ချရတာလို့ မစ္စတာ ကင်မရွန်က ပြောပါတယ်။