ဝီကီလိ သတင်းပေး အဖြစ် မသင်္ကာသူ ကြားနာမှု စ

  • 17 ဒီဇင်ဘာ 2011
brad manning ဓာတ်ပုံ မူပိုင် AP
Image caption ဝီကီလိကို သတင်း ပေးမှုနဲ့ ခုံရုံး တင်ခံရဖွယ် ရှိတဲ့ တပ်သား မန်းနင်း

ဝီကီလိကို အစိုးရ ကြေးနန်း သတင်းတွေ ဖွင့်ချခဲ့သူအဖြစ်စွပ်စွဲခံထားရတဲ့ တပ်သား မန်းနင်းကို ခုံရုံး တင်သင့် မသင့် အမေရိ ကန်က တရားရုံးမှာ စတင် ကြားနာပါပြီ။

တပ်သား ဘရက်ဒလီ မန်းနင်းဟာ သိန်းဂဏန်း အရေ အတွက် ရှိတဲ့ လျှို့ဝှက် ကြေးနန်း သတင်း တွေကို ဝီကီလိကို ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထား ရပါတယ်။

သူဟာ စစ်တပ်ထဲ မဟုတ်တာ လုပ်နေတာတွေ ကို သတ္တိ ရှိရှိနဲ့ ဖွင့်ချခဲ့သူ ဖြစ်တယ်၊ သူ့ကြောင့် သာ အမေရိကန် စစ်တပ်ထဲက အစိုးရထဲက တချို့ လုပ်ရပ်တွေကို သိခွင့်ရတာ ဖြစ်တယ်၊ မဟုတ်ရင် အမှန်ကို ဘယ်လိုလုပ် သိမလဲလို့ သူ့ထောက်ခံ သူတွေက ပြောသလို တဘက်မှာ အစိုးရထဲ အလုပ် လုပ်သူတွေ အနေနဲ့ တချို့ သတင်း အချက် အလက်တွေကို မပေါက်ကြားအောင် ကာကွယ်ရမယ်၊ ပေါက်ကြားရင် အ ကျိုးဆက်တွေနဲ့ ရင်ဆိုရမယ် ဆိုတာကို သိအောင် တရားစွဲတာမျိုးက မလုပ်မဖြစ် လုပ်ရ လိမ့်မယ်ဆိုပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပီဂျေ ခရောင်လီက ပြောပါတယ်။

မနေ့ကတော့ ဘရက်ဒလီ မန်းနင်းရဲ့ ကြားနာမှုကို ကြီးကြပ်တဲ့ စစ်တပ် အရာရှိကို ဘက် လိုက်တယ် ဆိုပြီး တပ်သား မန်းနင်းရဲ့ ရှေ့နေတွေက ကြားနာမှု ကြီးကြပ်တဲ့ အရာရှိကို ဖယ်ရှားပေးဖို့ မေတ္တာ ရပ်ခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပါတယ်။

ဝီကီလိ သတင်းပေး အဖြစ် စွပ်စွဲ ခံထားရတဲ့ တပ်သား မန်းနင်းရဲ့ ရှေ့နေတွေ အကြောင်း ပြတာက တရားသူကြီးဟာ ဝီကီလိ ဇာတ်လမ်းတွေကို အတော်ကြီး အသေးစိတ် သိထားတဲ့ အတွက် သူဟာ ဘက်မလိုက်ပဲ ကြီးကြပ်နိုင်မှာ မဟုတ်ဖူးလို့ အကြောင်း ပြပါတယ်။

နောက်ပြီး အမှု ကြားနာပုံ လုပ်နည်း လုပ်ဟန်တွေဟာ တရား နည်းလမ်း ကျကျ ဖြစ်အောင် လုပ်မထားဘူး။ တရားခံဘက်က သက်သေ တချို့ ခေါ်ချင်ပေမယ့် ခေါ်လို့ မရဘူး စသဖြင့် အကြောင်း ပြပါတယ်။

ဘရက်ဒလီ မန်းနင်း ဖွင့်ချခဲ့တဲ့ အချက် အလက်တွေဟာ သာမန် ပြည်သူလူထု သိသင့် သိထိုက်တဲ့ သတင်းတွေ ဖြစ်တယ်၊ အဲဒိထဲမှာ တချို့ သတင်းတွေဟာ ထိပ်လန့်စရာ ကောင်းတာတွေ ပါပါတယ်။

ဥပမာ ဘဂ္ဂဒတ်မှာ သာမန် အရပ်သားတွေနဲ့ သတင်းထောက်တွေကို ရဟတ်ယဉ်ပေါ်ကနေ လူမရွေး ပစ်ခတ်ခဲ့တဲ့ ဗီဒီယို ရိုက်ကူးချက်တွေ၊ အရပ်သားတွေ အတုံးအရုန်း သေတာကို ရဟတ်ယဉ်မှုးက မြိန်ရည် ရှက်ရှည် ပြောနေတဲ့ ဗီဒီယို ရိုက်ကူးချက်တွေ ပါပါတယ်။

ဒါတွေဟာ ပြည်သူ လူထု သိသင့် သိထိုက်တယ်လို့ မြင်သူတွေ ရှိသလို တဘက်မှာ သူ့ လုပ်ရပ်ကလည်း သတင်း အချက် အလက်တွေကို အပြင်ကို ထုတ်သင့်တဲ့ သတင်း၊ မထုတ်သင့်တဲ့ သတင်း မခွဲဘဲ ထုတ်ပြန်တဲ့ အတွက် တချို့က သူဟာ တိုင်းပြည် အကျိုး စီးပွား အတွက် ဘာမှ မစဉ်းစားဘဲ လုပ်သူလို့ မြင်နိုင်သလို တချို့ကလည်း သူရဲကောင်း အဖြစ် မြင်ကြပါတယ်။

ဘာပဲ ဖြစ်ဖြစ် ခုလို အငယ်တန်း အဆင့် ထောက်လှမ်းရေး သတင်း ဆန်းစစ်လေ့လာသူ တပ်သား အဆင့် ရှိသူ တယောက်က ခုလို သတင်းတွေကို ဘယ်လိုလုပ် သိခွင့် ရခဲ့သလဲ ဆိုတာကို လေ့လာ ဆန်းစစ်နေကြပါတယ်။

ဖြစ်နိုင်ချေ တခုကတော့ အမေရိကန်မှာ စက်တင်ဘာ ဆယ့်တရက် တိုက်ခိုက်မှု အပြီးမှာ ထောက်လှမ်းရေး သတင်းတွေဟာ ထောက်လှမ်းရေး ဌာနတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေ သုံးစွဲနိုင်စွမ်း မရှိတဲ့ အတွက် ဒီတိုက်ခိုက်မှုကို မကာကွယ်နိုင်တာလို့ ကောက်ချက် ချကြပါတယ်။

အဲဒိနောက်မှာ ထောက်လှမ်းရေး သတင်း မှန်သမျှကို ထောက်လှမ်းရေး အဖွဲ့အစည်းတွေထဲ အလွယ်တကူ မျှဝေ သုံးနိုင်အောင် လျှော့ပေးလိုက်တဲ့ အတွက် အသက် နှစ်ဆယ့်တနှစ် အရွယ် သာမန် တပ်သား အဆင့် ရှိသူ တယောက်ဟာ ဘဂ္ဂဒတ်မြို့မှာ ကွန်ပြူတာရှေ့ ထိုင် ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းတွေကို အဖြူအမဲ မခွဲတော့ပဲ ကြည့်ရှု သိမ်းဆည်း ခွင့် ရသွားတာ ဖြစ်ပါတယ်။

ဒီတော့ အစိုးရ အနေနဲ့ ဒါမျိုး နောက်တကြိမ် မဖြစ်အောင်ပြန်လှန် သုံးသပ်မှုတွေ ပြန်လုပ် နေရတယ်လို့ ဘီဘီစီ သတင်းထောက် ပေါ အာဒမ်က ဒီစီကနေ သတင်းပေးပို့ထားပါတယ်။