ဖိလစ်ပိုင်မုန်တိုင်း လူ ၂၀၀ ကျော် သေဆုံး

  • 17 ဒီဇင်ဘာ 2011
Image caption သေဆုံးသူအများစုဟာ ကလေးတွေ ဖြစ်ကြတယ်လို့ စစ်တပ်က ပြောပါတယ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကို မုတ်သုန် မုန်တိုင်း တခု ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၂၀၀ ကျော် သေဆုံးသွား ပြီး၊ တခြား ရာပေါင်းများစွာ ပျောက်ဆုံး နေပါတယ်။

မုန်တိုင်းကြောင့် မင်ဒန်နာအို ကျွန်းမှာ အကြီး အကျယ် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ တာပါ။

ကာခယန်း ဒေးအိုရိုနဲ့ အလီဂန် ဆိပ်ကမ်းမြို့ တွေမှာ လူတွေ အိပ်နေချိန် ရွှံ့ရေတွေ အလုံး အရင်းနဲ့ ရုတ်တရက် တက်လာခဲ့တာ ဖြစ်ပါတယ်။

အသက်မသေပဲ အိမ်အမိုးပေါ်တွေမှာ တွယ်ကပ်နေကြသူတွေကို ဖိလိပိုင် စစ်တပ်ကနေ လိုက်လံ ကယ်ဆယ်ခဲ့ပါတယ်။

အသက်မသေပဲ လွတ်မြောက်ခဲ့သူ အမျိုးသမီးတဦး ပြောပြတာကတော့ သူတို့ဟာ အမိုးကို ဖေါက်ပြီး ခေါင်မိုးပေါ်ရောက်တော့ လျှပ်စီးလက်တာတွေပဲ တွေ့မြင်ရခဲ့တယ်လို့ ဆိုပါတယ်။

ရွာတွေဟာ ရွာလုံးကျွတ် ပင်လယ်ထဲကို တိုက်စားခံလိုက်ရတာ ဖြစ်ပြီး၊ သေဆုံးသူအများစု ဟာ ကလေးတွေ ဖြစ်ကြတယ်လို့ စစ်တပ်က ပြောပါတယ်။

ရေတိုက်စားပြီး ပင်လယ်ထဲကို မျော်ပါသွားတဲ့ သူတွေကို ရဟတ်ယာဉ်တွေ၊ လှေတွေနဲ့ လိုက်လံရှာဖွေနေပါတယ်။

အလီဂန်မြို့ သမိုင်းတလျှောက်မှာ အခု ရေကြီးတာဟာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။