ဗားစလဗ် ဟာဗယ်လ် ကို ကမ္ဘာ့ ခေါင်းဆောင်တွေ ဂုဏ်ပြုနေ

  • 19 ဒီဇင်ဘာ 2011
havel ဓာတ်ပုံ မူပိုင် Reuters
Image caption ကွယ်လွန် သွားရှာပြီ ဖြစ်တဲ့ ဗားစလဗ် ဟာဗယ်လ်

ကာလရှည် မကျန်းမမာ ဖြစ်နေခဲ့ရာက အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်တဲ့ ချက် သမ္မတဟောင်း ဗားစလဗ် ဟာဗယ်လ် နဲ့ ပတ်သက်လို့ နိုင်ငံတကာက ခေါင်းဆောင် တွေက ဂုဏ်ပြု စကားတွေ ပြောကြား နေကြ ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က မစ္စတာ ဟာဗယ်လ် ဟာ ဥရောပ တလွှားမှာ ဒီမိုကရေစီ ထွန်းကား လာရေး ဒီရေလှိုင်း အတွက်ရေတံခါး ကြီးကို ဖွင့်ပေး ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီး ကားလ် ဘီလ်ဒ် က အရင် က အတိုက်အခံ စာရေးဆရာ နဲ့ ပြဇာတ်ရေး ဆရာ ကြီးဟာ ဒီနေ့ ခေတ် ဥရောပ တိုက်သား တွေထဲက အကြီးကျယ်ဆုံး လူသားတဦး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဗာစလဗ် ဟာဗယ်လ် ဟာ အရင် ၁၉၈၉ ခုနှစ်က ချက်ကို စလိုဗက်ကီးယား နိုင်ငံမှာ ဆိုဗီယက် ပုံစံ ကွန်မြူနစ် စနစ် ကို တော်လှန်ခဲ့တဲ့ ကတ္တီပါ တော်လှန်ရေး ကိုဦးဆောင် ခဲ့သူ တဦး ဖြစ်ပါတယ်။ အရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မက်ဒလင်း အော်ဘရိုက် ကလဲ ဗာစလဗ် ဟာဗယ်လ် ဟာ ကမ္ဘာကြီးကို ပိုပြီး ကောင်းလာအောင် လုပ်ပေးသွား ခဲ့သူ တဦး ဖြစ်တယ် လို့ ဂုဏ်ပြုလိုက် ပါတယ်။

အရင် ပိုလန် သမ္မတ လက် ဗာလက်ဆာ ကလဲ သူဟာ ဒီမိုကရေစီ ရေးနဲ့ လွှတ်လပ်ရေး တွေအတွက် အကြီးအကျယ် တိုက်ပွဲဝင် ခဲ့သူ တဦးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ချက်သမ္မတ နိုင်ငံမှာ အခုတော့ သတင်း တပတ်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကြေငြာ ထားပါတယ်။ တနင်္လာနေ့ မှာ မစ္စတာ ဟာဗယ်လ် ရဲ့ ရုပ်အလောင်း ကို သူနေထိုင်ရာ နိုင်ငံ အရှေ့မြောက်ပိုင်း မှာရှိတဲ့ အိမ်ကနေ မြို့တော် ပရာ့ဂ်ကို သယ်ဆောင် လာမှာ ဖြစ်ပါတယ်။