ဟောင်ကောင် ကြက်တုတ်ကွေး သတိပေးချက်ထုတ်

  • 21 ဒီဇင်ဘာ 2011
bird flu ဓာတ်ပုံ မူပိုင် AP
Image caption ဟောင်ကောင်မှာ ကြက်ကောင်ရေ တသောင်း ကျော်ကို သုတ်သင်မည်။

ဟောင်ကောင်က လက်ကားစျေး တခုမှာ အသက် အန္တရယ် ရှိတဲ့ H5N1 ပိုး ကူးစက် ခံနေရတဲ့ ကြက်တကောင်ကို ထပ်မံ တွေ့ရှိ ခဲ့ပြီးနောက် ကြက်တုတ်ကွေး သတိပေး နှိုးဆော်ချက် ထုတ်ပြန် ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ကြက် တုတ်ကွေးပိုး ကူးစက် ခံနေရတဲ့ ငှက်ရိုင်း အနည်းဆုံး နှစ်ကောင်လုံးကို တွေ့ရှိခဲ့ပါတယ်။

ဟောင်ကောင်မှာ အရင် ကလည်း ကြက် တုတ်ကွေးပိုး ကူးစက် ဖြစ်ပွားမှု အကြီးအကျယ် ဖြစ်ဖူးပြီး ခု ပိုးရှိနေတဲ့ ကြက်တွေကို ရက်ပိုင်းအတွင်း ဆက်တိုက် တွေ့လာရတဲ့ အတွက် ကြက်တွေကို အစုလိုက် အပြုံလိုက် သုတ်သင်တော့မှာ ဖြစ်ပါတယ်။

ဟောင်ကောင် ကောင်လွန်း ရပ်ကွက်က လက်ကားစျေးမှာ ပိုးကူးစက်ခံနေရတဲ့ ကြက်ကို တွေ့ရှိခဲ့ပြီး ကျန်းမာရေး ဝန်ကြီးက မနေ့ညက ကြက်တုတ်ကွေး သတိပေးချက်ကို အဆင့် မြှင့်ခဲ့ပါတယ်။

ဒီသတိပေးချက်ကို စိတ်မကောင်းစွာနဲ့ ထုတ်ပြန် ခဲ့ရတာလို့ ဒေါက်တာချိုးက ပြောပြီး ဒီနေ့မှာ ကြက်ကောင်ရေ တသောင်း ခုနှစ်ထောင်ကို သုတ်သင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဟောင်ကောင်ကို အပြင်ကနေ ကြက် ဘဲ တင်ပို့မှုတွေ ကိုလည်း ချက်ချင်းပိတ် ပင်လိုက်ပါတယ်။

မနှစ်တုန်းက အသက် ငါးဆယ့် ကိုးနှစ် အရွယ် အမျိုးသမီး တယောက်ဆီမှာ ကြက်တုတ် ကွေးပိုး တွေ့ရှိခဲ့ပေမယ့် အမျိုးသမီးရဲ့ အသက်ကို ကယ်နိုင် ခဲ့ပါတယ်။

၁၉၉၆ ခုနှစ်ကလည်း ကြက်တုတ်ကွေး ကူးစက် ဖြစ်ပွားမှု ဟောင်ကောင်မှာပဲ အကြီး အကျယ် ဖြစ်ပွားခဲ့ပြီး အဲဒိတုန်းက လူခြောက်ယောက် သေဆုံး ခဲ့ပြီး စီးပွားရေး အရ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။

အဲဒိတုန်းက ကူးစက် ဖြစ်ပွားမှုဟာ ကမ္ဘာမှာ ပထမဆုံး လူတွေကြား ကြက်တုတ်ကွေး ကူးစက် ဖြစ်ပွားမှုလည်း ဖြစ်ပါတယ်။

အဲဒိအတွက် ကြက်တုတ်ကွေးဟာ ဟောင်ကောင်ကို တကျော့ ပြန်လာတော့မှာကို စိုးရိမ် နေပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းက ကျောင်းတကျောင်းမှာ တုတ်ကွေးပိုး ရှိတဲ့ စင်ရော် တကောင်ကို တွေ့ရှိခဲ့ပြီး ကျောင်းဝန်ထမ်း တယောက်ဆီမှာ တုတ်ကွေး လက္ခဏာတွေ ပြလာခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ သူ့မှာ တုတ်ကွေး မရှိဘူးလို့ ဆရာဝန်တွေက ကြေညာခဲ့ပါတယ်။

ကျန်းမာရေး အာဏာပိုင်တွေက ကျောင်းကို ပိုးသတ်ဆေးတွေနဲ့ သန့်ရှင်းရေး လုပ်ခဲ့ရ ပါတယ်။

H5N1 ပိုးဟာ တနေရာကနေ တနေရာကို ရွှေ့ပြောင်း သွားလာတဲ့ ငှက်ရိုင်းတွေမှာ အဓိက တွေ့ရတတ်တာ ဖြစ်ပေမယ့် သူတို့ကနေ အိမ်မွေး ငှက်တွေကို ကူးပြီး လူတွေကိုပါ အလွယ် တကူ အလျင်အမြန် ကူးစက် နိုင်တာမို့ အန္တရယ် ကြီးတဲ့ ဗိုင်းရပ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။