မြောက်ကိုးရီးယားအတွက် သုံးနိုင်ငံဆွေးနွေး

  • 20 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်သမ္မတဟူချင်တောင်၊ မြောက်ကိုရီးယား သံရုံးသွားပြီး၊ ကင်မ်ဂျုံအီးလ်ကို ဂါဝရပြုခဲ့

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ကွယ်လွန်သွားခဲ့ပြီးနောက် ဖြစ်လာနိုင်ခြေရှိတဲ့ အကျိုးဆက်တွေအပေါ် ဘယ်လို ကိုယ်တွယ်မလဲ ဆိုတာနဲ့ ပတ်သက် ပြီး တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယား နိုင်ငံတို့နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

ကင်မ်ဂျုံအီးလ် မရှိတော့တဲ့နောက် မြောက်ကိုရီးယားမှာ အာဏာအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒေသတွင်း စိုးရိမ်းမှုတွေ ကြီးမား နေချိန်လည်း ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်တွေအပေါ် တရုတ်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အနီးကပ် ဆက်ဆံရေး ဆက်လက် ထားရှိကြမယ်လို့ သဘောတူခဲ့ကြပါတယ်။

တရုတ်သမ္မတ ဟူချင်တောင်ဟာ မြောက်ကိုရီးယား သံရုံးကိုသွားရောက်ပြီး၊ ကင်မ်ဂျုံအီးလ် ကို ဂါဝရပြုခဲ့ပါတယ်။

တောင်ကိုးရီးယားဘက်ကလည်း မြောက်ကိုရီးယား ပြည်သူတွေ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ တောင်ကိုရီးယားဘက်က တရားဝင် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာ မဟုတ်ပေမယ့် မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ရှိတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ကိုတော့ စေလွှတ်ဖို့ ရှိပါတယ်။

မြောက်ကိုးရီးယားကို တည်တောင်သူ ကင်မ်အီဆွန်း ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်သွား တုန်းက တော့ တောင်ကိုးရီးယားအနေနဲ့ ဘာမှ မတုံ့ပြန်တဲ့အတွက် တောင်နဲ့မြောက် ဆက်ဆံရေး ထိခိုက်ခဲ့ဖူးပါတယ်။

ဒီတကြိမ်မှာတော့ တောင်ကိုရီးယားက တရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။