ငြိမ်းချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းဖို့ လို

  • 20 ဒီဇင်ဘာ 2011
Image caption ကင်မ်ဂျုံအီး ငယ်စဉ်က မိသားစုနဲ့ အတူ

မြောက်ကိုးရီးယား ခေါင်းဆောင် Kim Jong Il သေဆုံးခဲ့ပြီးတဲ့နောက် အရှေ့အာရှ က မိတ်ဆွေနိုင်ငံ တွေနဲ့ အရေးပေါ် တိုင်ပင်ဆွေးနွေး နေတယ်လို့ အမေရိကန် က ပြောပါတယ်။

သမ္မတ အိုဘားမားက တောင်ကိုးရီးယား သမ္မတ Lee Myung-bak နဲ့ ဖုန်းပေါ်ကတဆင့် ဆွေးနွေး နေချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Koichiro Gemba နဲ့ ဝါရှင်တန်မြို့မှာ တွေ့ဆုံ နေပါတယ်။

အဲဒီနောက် မြောက်ကိုးရီးယားမှာ ငြိမ်းချမ်း တည်ငြိမ်တဲ့ အာဏာ လွှဲပြောင်းမှုတွေ လိုတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။

မြောက်ကိုးရီးယားရဲ့ နျူကလီးယား အစီအစဉ် အပေါ် နိုင်ငံတကာက စိုးရိမ်နေတာကြောင့် မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်တဲ့ ရန်က ကာကွယ်ဖို့ တောင်ကိုးရီးယားမှာ အမေရိကန် တပ်ဖွဲ့ နှစ်သောင်း ရှစ်ထောင်လောက် ချထားတာ ဖြစ်ပါတယ်။