အာရပ်အဖွဲ့ချုပ် ဝင်စစ်ဆေးဖို့ ဆီးရီးယား ခွင့်ပြု

  • 20 ဒီဇင်ဘာ 2011
Image caption အာဆက်ဒ်ကို ဆန့်ကျင် ဘက်ပြောင်းတဲ့ တပ်ဖွဲ့ဝင်တွေ ပစ်သတ်ခံရ

ဆီးရီးယား နိုင်ငံမှာ သမ္မတ ဘတ်ရှား အယ် အာဆက်ဒ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ ပူးပေါင်းဖို့ ကြိုးစားတဲ့ တပ်ဖွဲ့ဝင် ရဝ ကျော် ပစ်သတ်ခံရတယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

အစ်ဒ် လစ်ဘ် ပြည်နယ်က စစ်အခြေစိုက် စခန်းကနေ ထွက်ပြေးဖို့ ကြိုးစားတုန်း သူတို့ကို စက်သေနတ်နဲ့ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

ဆန္ဒပြသူ အရပ်သား ငါးဆယ်လောက်လည်း အသတ်ခံရတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီသတင်းတွေသာ အတည်ဖြစ်ရင် ပြီးခဲ့တဲ့ မတ်လကတည်းက စဖြစ်ခဲ့တဲ့ ဆူပူမှုတွေ အတွင်း ဒါဟာ အသေအပျောက် အများဆုံးနေ့ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရရဲ့ ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက် နှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ရုရှားက တင်ပြတဲ့ အဆိုပြုလွှာ မူကြမ်းကို ထောက်ခံမဲတွေနဲ့ အတည်ပြုခဲ့ ပြီးတဲ့နောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

တခါ ဆီးရီးယားမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အဆုံးသတ်သွားအောင် အစိုးရက အပြင်းအထန် နှိမ်နင်းနေမှုတွေကို ဝင်ရောက် ကြည့်ရှုလေ့လာ စစ်ဆေးဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ ကြိုးပမ်းချက်ကို ဆီးရီးယား အစိုးရက ခွင့်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

လာမယ့် သုံးရက်အတွင်း ပထမဆုံး လေ့လာရေး အဖွဲ့ ဆီးရီးယား ကို သွားမယ်လို့ အာရပ် အဖွဲ့ချုပ် အကြီးအကဲက ပြောပါတယ်။

ဆီးရီးယားမှာ အကြမ်းဖက် နှိမ်နင်းမှုတွေ မရပ်သရွေ့ ဆီးရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

ဒီလက်မှတ်ရေးထိုးမှုကို ဆီးရီးယား အတိုက်အခံတွေက ပယ်ချလိုက်ပြီး ဒါဟာ ပရိယာယ် သက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။