သက်ဆင်ခရီးစဉ်နဲ့ မပတ်သက်ကြောင်း ယင့်လက်ပြော

  • 21 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption သူ့အကိုခရီးစဉ်နဲ့ ပတ်သက်မှုမရှိကြောင်း မစ်ယင့်လက်က သတင်းထောက်တွေကို ပြော

မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်ဆိုတဲ့ အရင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ခရီးစဉ်ဟာ သူ့ခရီးစဉ်နဲ့ ဆက်စပ် ပတ်သက်မှု မရှိကြောင်း၊ မစ္စတာသက်ဆင်ရဲ့ ညီမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လက်ရှင်နာဝပ်က သတင်းထောက် တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

မစ္စတာ သက်ဆင်ဟာ ပြီးခဲ့တဲ့ သတင်းပတ် ကြာသပတေးနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြောင်း၊ သူ့ရဲ့ ကိုယ်ရေးအရာရှိက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ဘယ်သူတွေနဲ့တွေ့တယ်၊ ဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ ပြောကြားခြင်းမရှိပါ။

ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာတော့ မစ္စတာ သက်ဆင်ဟာ သူ့ညီမရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာအစိုးရ အရာရှိတချို့နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို ရေးသားဖေါ်ပြခဲ့ပါတယ်။