အီရတ်ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း လူ၆၀ကျော်သေ

  • 22 ဒီဇင်ဘာ 2011
အီရတ်နိုင်ငံမှ ဗုံးကွဲမှု မြင်ကွင်း ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ်နိုင်ငံမှ ဗုံးကွဲမှု မြင်ကွင်း

အမေရိကန် စစ်တပ်တွေ အီရတ်ထဲက ထွက်ပြီးနောက် အီရတ်နိုင်ငံရေး ဟာ သိပ် အကဲဆတ် နေတယ်လို့ ရှုမြင်စရာ ဖြစ်လာကြောင်း ဂျော်နသန် မားကပ်စ် က ပြောပါတယ်။

အီရတ်သမ္မတဟောင်း ဆဒန် ဟူစိန်ကို အမေရိကန် တို့ဖြုတ်ချပြီးတဲ့အချိန်က စပြီး တည်ဆောက်လာခဲ့ကြတဲ့ ရှီးယား၊ ဆူနီ၊ ကာ့ဒ်တို့ရဲ့ စိတ်မပါလက်မပါ ညီညွတ်ရေးဟာ ဘယ်တုန်းကမှ သိပ်ခိုင်ခိုင်မာမာ မရှိခဲ့ကြပေမဲ့ အခုအချိန် ကတော့ အရင်ကနဲ့ မတူ အဆိုးဆုံး အချိန်ကို ရောက်နေတယ်လို့ ဆိုရပါလိမ့်မယ်။

အခုဘဂ္ဂဒက်မှာ ဖြစ်နေတဲ့ ဗုံးခွဲမှုတွေရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူလဲဆိုတာ အတိအကျ သိဖို့ ခက်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခထဲမှာ ပါဝင် ပတ်သက်နေတဲ့ ဂိုဏ်းဂဏ ကွဲတွေထဲက တဖွဲ့ဖွဲ့က သူတို့ အသာစီးရဖို့ ဆောင်ရွက်နေတယ်ဆိုတာကတော့ ထင်ရှားပါတယ်။

အခုလတ်တလော ဖြစ်နေတဲ့ မီးပွားတွေကို စတင်မီးရှို့ခဲ့သူကတော့ အီရတ်ဝန်ကြီးချုပ် နော်ရီ အယ်လ် မာလိကီ နဲ့ သူ့ကို ထောက်ခံသူ ရှီးယား မွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က ဒုတိယ သမ္မတ တာရစ်က် အယ်လ် ဟတ်ရှ်ရှီးမီ ကို ဖမ်းဖို့ကြိုးစာရာက စခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးမဲ့ အကြောင်းကတော့ ဝန်ကြီးချုပ် အယ်လ်မာလိကီကို လုပ်ကြံဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ဖြစ်ပါတယ်။

ဒုတိယ သမ္မတ မစ္စတာ အယ်လ် ဟတ်ရှီးမီ ရဲ့ အီရာကီးယား ပါတီဟာ ဆူနီမူဆလင် ရှစ်ဆယ်ရာခိုင်နှုန်းက ထောက်ခံကြတဲ့ ပါတီ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခုဗုံးခွဲမှုတွေဟာ အသာစီးရထားတဲ့ ရှီးယားတွေက ဆူနီပြိုင်ဘက်တွေကို ရှင်းလင်းနိုင်ဖို့ ဆောင်ရွက်ချက်ဆိုပြီး တချို့ သတင်းရပ်ကွက်တွေက ဆိုကြပါတယ်။

ရှီးယားတွေကို ပိုပြီး အားကောင်းစေချင် အသာစီးရစေချင်တဲ့ အီရန်နိုင်ငံဟာ အခုဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

ဒါပေမဲ့ အမှန်တကယ် အီရတ် ပဋိပက္ခကို ကြီးထွားစေသူတွေကတော့ ကာယကံရှင်တွေ ဖြစ်ကြတဲ့ နိုင်ငံရေး ရည်မှန်းချက် ကြီးမားသူ အီရတ် ခေါင်းဆောင်တွေပါလို့လည်း ဆိုကြပါတယ်။

အဓိက လွန်ဆွဲနေကြတဲ့ နိုင်ငံရေးပြဿနာတွေကတော့ အာဏာခွဲဝေမှု၊ ရေနံဝင်ငွေ ခွဲဝေမှု၊ ကာ့ဒ် ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး စတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။