ဆီးရီးယားကို ကန် အပြင်းအထန် ပြစ်တင် ဝေဖန်

  • 22 ဒီဇင်ဘာ 2011
syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သမ္မတ အာဆတ်ကို ပိတ်ဆို့မှု ထပ်လုပ်မယ်လို့ ကန်သတိပေး

ဆီးရီးယား သမ္မတ ဘာရှာ အယ်အာဆတ်ရဲ့ အာဏာဟာ တရား မဝင်တော့ဘူး၊ သူ့မှာ ဘာသိက္ခာမှမကျန်တော့ဘူးလို့အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ကြေညာ ချက်တွေထဲမှာ ခုကြေညာချက်ဟာ အပြင်းထန် ဆုံး ကြေညာချက် တခုဖြစ်ပြီး အရပ်သားတွေ၊ စစ်တပ်က ထွက်ပြေး လာသူ တွေကို ဘာမှခွဲ ခြားမှု မလုပ်ဘဲ ပစ်သတ်နေတယ် ဆိုတဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းတွေကြောင့် အထူး စိုးရိမ်မိတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

အဲဒိအတွက် အာရပ် အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ချက်ချင်း အကောင် အထည် ဖော်ဖို့ တောင်းဆို လိုက်ပြီး ဒီလို လုပ်ဖို့ ပျက်ကွက်လျင် နောက်ထပ် ဒဏ်ခပ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဆီးရီးယားကို သတိ ပေးလိုက်ပါတယ်။

ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ အဆုံးသတ် မသတ် လေ့လာ စောင့်ကြည့်ဖို့ အာရပ် အဖွဲ့ချုပ်က ဆီးရီးယားကို ဒီကနေ့မှာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တဖွဲ့ စေလွှတ်မှာ ဖြစ်ပါတယ်။

တဘက်မှာ ဆီးရီးယား အစိုးရကတော့ သူတို့ဟာ လက်နက်ကိုင် ဂိုဏ်းတွေ၊ အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်ရေး အဖွဲ့တွေနဲ့ တိုက်နေတာလို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။